ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့ အပါအဝင် ချစ်စရာ တိရိစ္ဆာန်လေးများကို ယာယီမွေးစားနိုင်မည့် အစီအစဉ်စတင်ပြီရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ ချစ်စရာတိရိစ္ဆာန်လေးများကို သြဂုတ်လ (၁၈) ရက်မှ စတင်ကာ ယာယီမွေးစား နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဥယျာဉ်က ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် တိရိစ္ဆာန်ချစ်သူများအနေဖြင့် ယာယီမွေးစားခွင့် ရရှိရန် ကုန်ကျစရိတ်အချို့ကို တွက်ချက် လျက်ရှိပြီး၊ တိရိစ္ဆာန် (၅) မျိုးဖြစ်သော ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံနှင့် ပန်ဒါနီ အကောင်ကြီးနှင့် အကောင်ငယ်များကို ယာယီမွေးမြူနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဥယျာဉ် မန်နေဂျာ ဦးမိုးကျော်သူက ပြောကြားလိုက်သည်။လက်ရှိမှာ ယာယီမွေးမြူချင်တဲ့ သူတွေ မေးမြန်းတာမျိုးရှိနေပါပြီ။ ကျွန်တော်တို့ လက်ခံဖို့အတွက် တွက်ချက်မှုတွေ လုပ်နေပါပြီ။ မွေးစားခွင့် အတွက် စာရွက်စာတမ်းလေးတွေလုပ်နေတဲ့ အတွက် မွေးခွင့်ရပြီဆိုရင် ကျွန်တော်တို့ Yangon Zoo Page မှာ တင်ပေးသွားမှာပါဟု ယင်းက ရှင်းပြသည်။
မွေးမြူသူအနေဖြင့် ယာယီမွေးမြူနိုင်သည့်ကာလမှာ သုံးလ (သို့မဟုတ်) ခြောက်လ ဖြစ်ပြီး အစာ အဟာရ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးထောက်ပံ့ပေးသည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့ မွေးမြူသည့် တိရိစ္ဆာန်လေးများကို ရန်ကုန်တိရိစ္ဆာန်ဥယျဉ်အတွင်း အကြိမ်သုံးဆယ် လာရောက်တွေ့ဆုံခွင့် ပြုသွားမည်ဖြစ်သည့်အပြင် ယာယီမွေးစားသည့် ဂုဏ်ပြုလက်မှတ်များပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။