ရွာဇော်ကြီး ဇာတ်ကားရိုက်ကွင်းက ရင်အခုန်ရဆုံးဖြစ်ရပ်ကို ရင်ဖွင့်သွားတဲ့ နေတိုး

Posted on

ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဇာတ်ကားကြီးဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ဇာတ်ကားကြီးဖြစ်ပြီး အကယ်ဒမီဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ နေတိုးပါဝင်သရုပ်ဆောင်ပေးထားတဲ့ ရွာဇော်ကြီး ဇာတ်ကားဟာဆိုရင်လည် လာမယ့် 27.2.2020 မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်တော့မှာဖြစ်ပြီး ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကြီးဆိုရင် မမှားပါဘူး။ ရွာဇော်ကြီးဇာတ်ကားထဲမှာ နေတိုး၊အိန္ဒြာကျော်ဇင်၊ နေနော်၊ ယွန်းရွှေရည် နှင့် ဟာသသရုပ်ဆောင် အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ရွာဇော်ကြီးဇာတ်ကားထဲက ကာရိုက်တာအကြောင်းနဲ့ ဇာတ်ကားရိုက်နေစဉ်က ရင်အခုန်ရဆုံးဖြစ်ရပ်အကြောင်းကို ပြောပြသွားပါတယ်။

နေတိုးက ရွာဇော်ကြီးဇာတ်ကားထဲက ကာရိုက်တာအကြောင်းကို “ဒီဇာတ်ကောင်လေးက ကတုံးနဲ့လည်းလိုက်တယ်ဆိုတော့ ဇာတ်ကားကို ကျွန်တော်တို့ နည်းနည်းလေး နှစ်လ တစ်လခွဲအတွင်းမှာ အားချင်းစီစဉ်ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒါပေမယ့် မထင်မှတ်ထားလောက်အောင် ဇာတ်ကားနဲ့လည်းလိုက်တယ်၊ ကာရိုက်တာနဲ့လည်း အံဝင်ခွင်ကျဖြစ်သွားတာက အမှတ်တရပါပဲ။ ကာရိုက်တာက ဒီဇာတ်ကောင်ကို ဆေးပြင်းလိပ်ခဲချင်တယ်။ ဝတ်စားဆင်ယင်မှုအပိုင်းကလည်း ရွာမှာ နည်းနည်းဂေါ်လီလုပ်ချင်တဲ့ပုံစံမျိုးဆိုတော့ အဝတ်အစားဝတ်တာက ဖက်ရှင်ဖြစ်ချင်တယ်ဆိုတော့ ရွာမှာ ရွာဇော်ပုံစံမျိုးပေါ့။ ဆေးပြင်းလိပ်လေးခဲ၊ဦးထုပ်လေးဆောင်းလိုက်တယ်။ပြီးတော့ အင်္ကျီလေးလက်ခေါက်ပြီးတော့ နည်းနည်းပဲများထားတာပေါ့”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် နေတိုးက ရွာဇော်ကြီးဇာတ်ကားရိုက်တုန်းက ကြုံတွေ့ရတဲ့ရင်ခုန်ရတဲ့ ဖြစ်ရပ်လေးကိုလည်း “မအူဝဲရဲ့ကာရိုက်တာက မြင်ရခဲတဲ့ကာရိုက်တာလေးပေါ့။ဒီကားနဲ့လည်းလိုက်ပါတယ်။ ကျွန်တော်က လေးခွနဲ့ကသိပ်တော့မစိမ်းဘူးပေါ့။ လေးခွက အစမ်းတော့ပစ်ကြည့်ရတာပေါ့။ လေးခွပစ်တဲ့အခန်းလေးလည်း အမှတ်တရဖြစ်မိပါတယ်။ တော်တော်လေးလည်းရင်ခုန်စရာကောင်းတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတယ်ပေါ့။ အမှတ်တရတွေကတော့ ပျော်စရာကားလေးဆိုတော့ ရယ်နေရတာပေါ့။ ဒီကားက ဟာသနဲ့ ဒရာမာနဲ့ ရောထားတဲ့ကားလေးဖြစ်တဲ့အခါကျတော့ တချို့ဇာတ်ဝင်ခန်းတွေကို မျက်နှာပိုးသတ်ပြီးရိုက်ရတာမျိုးလည်းရှိတာပေါ့”လို့ ပြောပြထားပါတယ်။

ရွာဇော်ကြီးဇာတ်ကားကို လာရောက်ကြည့်ရှုကြမယ့် ပရိသတ်တွေကိုလည်း နေတိုးက ဖိတ်ခေါ်ထားပါသေးတယ်။ “ဒီကားမှာ အကုန်လုံးကတော့ ပီပြင်အောင် ဝို်င်းပြီးကြိုးစားထားကြတာပေါ့နော်။ဒီကားလေးကလည်း ပရိသတ်မထင်မှတ်ထားတဲ့ ဇာတ်ရဲ့ twist လေးတွေလည်းပါတယ်။ ပရိသတ်တွေလည်း ဒီကားလေးရဲ့ trailer လေးတွေ teaser လေးတွေကို သဘောကျနှစ်သက်ကြတယ်ဆိုတော့ ဝမ်းသာပါတယ်။ ပရိသတ်တွေလာရောက်ကြည့်ရှုတဲ့အခါမှာလည်း ဒီ့ထက်မက ပိုပြီးတော့ ရသမြောက်များစွာကို ပေးနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်လို့ ပြောချင်ပါတယ်”လို့ ပြောပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးရော နေတိုးကို ချစ်ကြလား။ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ ရွာဇော်ကြီးဇာတ်ကားရုံတင်ရင်ရော သွားရောက်ကြည့်ရှုကြမှာလား။နေတိုးရဲ့နောက်ထပ်ထွက်ရှိလာမယ့် ဇာတ်ကားတွေကိုရော အားပေးကြမှာလား။ ခံစားချက်လေးတွေ ဝေမျှခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *