လကမ္ဘာဆီ လူတွေ ခြေချနိုင်အောင်ကူညီပေးခဲ့တဲ့ နာဆာသင်္ချာပညာရှင်အမျိုးသမီးကွယ်လွန်

Posted on

လူတွေလကမ္ဘာပေါ်ခြေချနိုင်ဖို့ တွက်ချက်မှုပြုကာအကူညီပေးခဲ့တဲ့ သင်္ချာပညာရှင်လည်းဖြစ်၊ အမေရိကန်သူရဲကောင်းတစ်ဦးလည်းဖြစ်သူ ကတ်သရင်းဂျွန်ဆန်ဟာ အသက် (၁၀၁) နှစ်မှာသေဆုံးခဲ့ပြီဖြစ်ကြောင်း အာကာသသိပ္ပံအေဂျင်စီဖြစ်တဲ့ နာဆာကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ကတ်သရင်းဟာ အာကာသသင်္ချာနဲ့သိပ္ပံနယ်ပယ်မှာ စွန့်ဦးတီထွင်သူရှေ့ဆောင်လမ်းပြ အာဖရိကန်-အမေရိကန်တစ်ဦးဖြစ်ပါတယ်။

နာဆာက “ကတ်သရင်းဂျွန်ဆင်ဟာ ဖေဖော်ဝါရီ (၂၄) ရက်မနက်ပိုင်း အသက် (၁၀၁) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဆိုတာ ၀မ်းနည်းဖွယ်သိရပါတယ်။ သူမဟာ အမေရိကန်သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဘယ်တော့မှမမေ့အပ်တဲ့ ရှေ့ဆောင်ဂန္တ၀င်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်…” လို့ ဆိုထားပါတယ်။ကတ်သရင်းဟာ အာကာသရဲ့နယ်ပယ်သစ်တွေကို လူတွေခြေချနိုင်ဖို့ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်တွေထဲက အတော်ဆုံးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။ သင်္ချာပညာရှင်တစ်ယောက်အနေနဲ့ အလုပ်အပေါ်မြှုပ်နှံမှုနဲ့ သူမရဲ့အတွက်အချက်စွမ်းရည်တွေက လူတွေကိုလကမ္ဘာပေါ်ပို့လွှတ်ဖို့အတွက် များစွာအထောက်အပံ့ပေးခဲ့ပါတယ်။ ကတ်သရင်းရဲ့ တွက်ချက်မှုတွေအပေါ်အခြေခံပြီး အာကာသယာဉ်မှုးတွေအနေနဲ့ မားစ်ဂြိုလ်ဆီနောက်ထပ်ခြေလှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ကွန်ပြူတာတစ်လုံးနီးနီး အီကွေးရှင်းတွေကို တွက်ချက်နိုင်ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးအာကာသပရိုဂရမ်တစ်ခုဖြစ်တဲ့ Project Mercury ကို အလုပ်မလုပ်ခင် ကတ်သရင်းက လေယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ (၂၀၁၂) ခုနှစ်မှာ ရုံးခန်းမှာ ဒုံးကျည်လမ်းကြောင်းတွေကို အားလုံးတွက်ချက်ထားပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပို့လွှတ်ရမလဲဆိုတာတွေပါ အဆင်သင့်ရှိကြောင်း ဗာဂျီးနီးယန်းသတင်းစာတစ်စောင်ကို သူမကိုယ်တိုင် ပြောပြခဲ့ပါတယ်။

ကတ်သရင်းဟာ ဖော်ပြပါတွက်ချက်မှုတွေကို Alan Shepard ရဲ့ (၁၉၆၁) ခုနှစ် Freedom 7 Mission အတွက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်မှာလည်း ကမ္ဘာဂြိုလ်ဝန်းကျင်က John Glenn ဂြိုလ်ပတ်လမ်းတွေအတွက်ပါ သင်္ချာနဲ့တွက်ချက်ပေးခဲ့တာပါ။ သင်္ချာပညာမှာထူးချွန်ပြီး အရည်အချင်းရှိတဲ့ သူမဟာ အရင်အမေရိကန်သမ္မတဟောင်းတွေလက်ထက်မှာ မြှောက်စားမခံရပေမယ့် သမ္မတဘားရတ်အိုဘားမားလက်ထက်မှာတော့ အသက်(၉၇) နှစ်ရှိပြီဖြစ်တဲ့ ကတ်သရင်းဟာ အမေရိကန်ရဲ့အမြင့်ဆုံးလူမှုထူးချွန်ဆု Presidential Medal of Freedom ဆုရရှိခဲ့ပါတယ်။ သူမအကြောင်းဖြစ်ရပ်မှန်ကို Hidden Figures အမည်နဲ့ ရုပ်ရှင်ရိုက်ကူးထားပြီး ဇာတ်ကားထဲမှာတော့ Taraji P Henson က ကတ်သရင်းနေရာမှာ ပါဝင်သရုပ်ဆောင်ထားကြောင်းလည်း skynews သတင်းအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *