ကူဝိတ်နိုင်ငံက စုံတွဲတတွဲကတော့ နိုင်ငံ့သမိုင်းမှာ အတိုတောင်းဆုံးအဖြစ် စံချိန်တင်စေမယ့် သမိုင်း ဝင်ဖြစ်ရပ်တခုကို မကြာသေးခင်က ပြုမူခဲ့ကြတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ အကြောင်းကတော့ ဒီစုံတွဲဟာ လက်ထပ်ပြီး ၃ မိနစ်အကြာမှာတင် ကွာရှင်းပြတ်စဲခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီစုံတွဲဟာ လက်ထက်လက်မှတ်ရေးထိုး တရားရုံးအပြင်မရောက်ခင်မှာတင် ကွာရှင်းခဲ့ကြတာလို့ ကူဝိတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။သူတို့နှစ်ဦးဟာ တရားရုံးက တရားသူကြီးရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးတော့ ပျော်ရွှင်စွာနဲ့ပဲ တရားရုံးအပြင်ဘက်ကို ထွက်ခွာလာခဲ့ကြပါတယ်။တရားရုံးကနေအပြင်ကို ထွက်မယ့်လမ်းမှာ သတို့သမီးဖြစ်သူဟာ ချော်လဲခဲ့ပြီး လဲကျသွားတဲ့ အသစ်စက်စက်ဇနီးသည်ကို ထူပေးရမယ့်အစား သတို့သားဖြစ်သူက သူမကိုပြောဆို ကြိမ်းမောင်းခဲ့ကာ “အသုံးမကျတဲ့သူ” လို့ ဆဲရေးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ဒီလိုအပြောအဆို ခံခဲ့ရပြီးတဲ့နောက်မှာ သတို့သမီးဟာ အပြင်ကိုထွက်တဲ့ တရားရုံးတံခါးပေါက်ကို သွားမယ့်အစား တရားသူကြီးထံကို ပြန်လှည့်ခဲ့ကာ သူ့ကို ဒီအမျိုးသားနဲ့ တခါတည်း ကွာရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သူတို့နှစ်ဦး လက်ထပ်လက်မှတ်ရေးထိုးခြင်းနဲ့ သတို့သမီးရဲ့ ကွာရှင်းခွင့်တောင်းခံခြင်းတို့ကြား အချိန်ကွာဟချက်ဟာ သုံးမိနစ်သာ ရှိခဲ့ပြီး ဒါဟာ ကူဝိတ်နိုင်ငံသမိုင်းတလျှောက်မှာ အတိုတောင်းဆုံး လက်ထပ်မှုဖြစ်ကာ တကမ္ဘာလုံးအတိုင်းအတာနဲ့လည်း အတိုတောင်းဆုံးဖြစ်လာနိုင်ဖို့ရှိနေပါတယ်။အလားတူးဖြစ်ရပ်မျိုးအရင်က ဒူဘိုင်းမှာလည်း ရှိခဲ့ဖူးပြီး ဒူဘိုင်းဖြစ်ရပ်မှာတော့ လက်ထပ်ခြင်းနဲ့ ကွာရှင်းခွင့် တောင်းခံခြင်းတို့ကြား ၁၅ မိနစ်ခြားပါတယ်။ဒီလိုစံချိန်တင် အိမ်ထောင်ရေးအကွဲအပြားဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ တွစ်တာမှာ အထူးထင်ရှားခဲ့ပြီး အသုံးပြုသူအများစုကတော့ ဒီစုံတွဲဟာ တရားသူကြီးကို သက်သက်လာနောက်နေတာလို့ လှောင်ပြောင်နေကြပါတယ်။
ဒါပေမယ့် တချို့ကတော့ သတို့သမီးဘက်က ရပ်တည်နေကြပြီး သူမဟာ အချိန်မနှောင်းခင်မှာတင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာလို့ ပြောပါတယ်။ဒီလိုဝေဖန်မှတ်ချက်ပေးမှုတွေနဲ့ အတူ လူမှုကွန်ရက်အသုံးပြုသူအချို့ကလည်း သတို့သမီးရဲ့ လုပ်ရပ်ဟာ ကူဝိတ်နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အကျိုးအမြတ်ကိုလိုချင်လို့ လက်ထပ်မှုနဲ့ အများကြီး သက်ဆိုင်နေနိုင်တယ်လို့ သုံးသပ်ပါတယ်။Arab Times သတင်းပါဆောင်းပါးတပုဒ်အရ ကူဝိတ်အစိုးရဟာ ညားကာစ ဇနီး မောင်နှံတွေကို ချေးငွေထုတ်ချေးတာ၊ ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်နေပြီး ဒီလုပ်ရပ်ကြောင့် နိုင်ငံတွင်းမှာ အိမ်ထောင်ရေး ကွဲပြဲမှုတွေဟာ သိသိသာသာကြီး မြင့်တက်လာတယ်လို့ သိရပါတယ်။