လူစု လူဝေးရှောင်ဖို့ ရိုက်ကူးရေးတွေတောင်နားထားတယ်ဆိုတဲ့ နေတိုး

Posted on

ပရိသတ်တွေကိုလည်း ဂရုတစိုက်နေထိုင်ဖို့ မှာထားပါသေးတယ်။နေတိုး COVID-19 ကာကွယ်ဖို့အတွက် ပရိသတ်ကို တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ တိုက်တွန်းလာတာ တွေ့ရပါတယ်။ နေတိုးကတော့ COVID-19 ကူးစက်ရောဂါ မဖြစ်အောင် ကာကွယ်ရေးတွေ လုပ်သင့်တယ်လို့ ဆိုလာပါတယ်။ သူကိုယ်တိုင်ကလည်း ရိုက်ကူးရေးတွေ ရပ်နားထားပြီး မိသားစုကိုရော၊ ကိုယ်တိုင်ကရော ကျန်းမာရေးဂရုတစိုက်နေထိုင်ဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။

“ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ လက်ကိုမကြာခဏဆေးပေးပါ အရေးပေါ်အနေနဲ့Hand Sanitizer များကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်တိုင်းမှာလည်း လက်ကိုဆပ်ပြာနဲ့သေချာစနစ်တကျဆေးကြောပါ နှာချေ၊ ချောင်းဆိုးတယ်ဆိုရင်ဖြစ်နိုင်ပါကTissueကိုအသုံးပြုပြီးအမှိုက်ပုံးထဲကိုသေချာစွန့်ပစ်ပါ။ လူထူထပ်သောနေရာများကိုသွားလာခြင်းမှအတတ်နိုင်ဆုံးရှောင်ကျဉ်ပေးပါ။ ကျွန်တော်လည်းလူစုလူဝေးကိုရှောင်ကျည်တဲ့အနေနဲ့ Shootingများကိုရပ်နားထားပါတယ်။ ရောဂါကိုထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ခုထိရပ်နားထားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။

နေတိုးကိုယ်တိုင်ကလည်း သူချစ်ရတဲ့ ပရိသတ်တွေကို COVID-19 ကာကွယ်မှုတွေ လုပ်စေချင်တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်စေချင်တယ်လို့ ဆိုပါတယ်။”ပရိသတ်များအားလုံးလည်းဖြစ်နိုင်ရင်အိမ်မှာပဲနေစေလိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြုဆောင်ရွက်ပေးကြပါခင်ဗျာ။ မိမိကိုယ်ကိုကာကွယ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်နဲ့ မိမိ မိသားစုကိုကာကွယ်ပေးကြပါ။ ပရိသတ်များအားလုံး ရေလိုအေးလို့ပန်းလိုလန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင် ထာဝရပါနေတိုး” ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *