ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေကို မတော်တဆထုတ်လွှတ်မိတာမျိုး မဟုတ်ဘူးဆိုတာ သေချာစေဖို့အတွက် နိုင်ငံတကာ စစ်ဆေးရေးမှူးတွေ ဓာတ်ခွဲခန်းတွေထဲ ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ အမေရိကန်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်တွေကို တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့က ဓာတ်ခွဲခန်းတစ်ခုမှ လွှတ်ထွက်လာသလားဆိုတာကို အမေရိကန်ပြည်ထောင်စုက စုံစမ်းစစ်ဆေးနေပါတယ်။ ဝူဟန်ဟာ ကမ္ဘာနဲ့အဝန်းမှာ မကြံဖူးတဲ့ပိတ်သိမ်းမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို သရောကြီးခိုင်းသွားစေခဲ့တဲ့ ကူးစက်ရောဂါရဲ့ ကနဦးဗဟိုချက်ပဲ ဖြစ်ပါတယ်။
“ဓမ္မဒိဌာန်ကျတဲ့ဘယ်သူမဆို အမေရိကန်နိုင်ငံရေးသမားတွေဟာ လူတွေရဲ့ စိတ်ကို လှည့်ဖျားပြီး ကပ်ရောဂါတိုက်ဖျက်ရေးမှာ သူတို့ တာဝန်ပျက်ကွက်နေတာကို အာရုံလွှဲဖို့အတွက် တရုတ်ရဲ့ ကြိုးပမ်းမှုတွေကို အယုံအကြည်ပျက်အောင် မုသားတွေကို ရောင်းဝယ်ဖောက်ကားနေကြပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကန်းရှုအန်းက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေ ကိုရိုနာဗိုင်းရပ်စ်နဲ့ အခြားပိုးမွှားတွေကို လေ့လာသုတေသနပြုနေရာ ဝူဟန် ဗိုင်းရပ်စ်ဗေဒသိပ္ပံနဲ့ တခြားဓာတ်ခွဲခန်းတွေကို ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုရဲ့ တောင်းဆိုချက်ကို ရှုအန်းက အခုလို တုန့်ပြန်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
“တရုတ်နိုင်ငံမှာ ဒီလိုဗိုင်းရပ်စ်တွေကို ကိုင်တွယ်နေတဲ့ ဓာတ်ခွဲခန်းအမြောက်အများရှိနေပါတယ်။ မတော်တဆ ထုတ်လွှတ်မိတာမျိုး မရှိနိုင်ဘူး၊ ဒီပစ္စည်းတွေကို လုံခြုံဘေးကင်းစွာ ကိုင်တွယ်နေသလားဆိုတဲ့အချက်က အရေးကြီးပါတယ်”လို့ ပွန်ပီယိုက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ “ဝူဟန်မှာသာမက တခြားနေရာတွေမှာပါ တရုတ်အစိုးရဟာ ဒီပစ္စည်းတွေကို မှန်မှန်ကန်ကန်ကိုင်တွယ်နေတယ်ဆိုတာ သေချာဖို့လိုပါတယ်”လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘေကျင်းကတော့ Covid-19ဟာ ဓာတ်ခွဲခန်းတစ်ခုမှာ မြစ်ဖျားခံလာခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆန်ထားပါတယ်။ ထောက်လှမ်းရေးဌာနတွေကတော့ ဝူဟန်ဓာတ်ခွဲခန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စတင်စုဆောင်းနေကြပြီး ကူးစက်ရောဂါနောက်ပိုင်း အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပုံဖော်နေကြပါတယ်။ အမေရိကန်အာဏာပိုင်တွေက Fox News ကို ပြောကြားရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝလက်နက်အဖြစ် လူတွေက ဖန်တီးပြုလုပ်ထားတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ပယ်ချခဲ့ပါတယ်။ အဲဒီ့အစား အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းရည်နဲ့ညီမျှ ဒါမှမဟုတ် ကြီးမားသာလွန်တဲ့ တိုက်ခိုက်ရေးဗိုင်းရပ်စ်ကို ဖော်ထုတ်နိုင်စွမ်းရှိကြောင်း တရုတ်က သက်သေပြဖို့ကြိုးစားနေတာလို့ ယုံကြည်နေကြပါတယ်။
တချို့အရာရှိတွေကတော့ တရုတ်က ဗိုင်းရပ်စ်ကို တမင်တကာ ဖုံးဖိထားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကြံရာပါအဖြစ် ကူညီခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ သမ္မတထရမ့်ကလည်း ဒီအကျပ်အတည်းမှာ WHOရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အမေရိကန်က ရံပုံငွေထည့်ဝင်မှုကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။