သမီးလေးရဲ့ ရောဂါကို ကုသနိုင်ဖို့ မိုင် (၇၀၀) ခရီးကို ဖိနပ်မပါဘဲ လမ်းလျှောက် အလှူခံခဲ့တဲ့ဖခင်

Posted on

ဗြိတိန်စစ်တပ်ရဲ့ဗိုလ်မှူးတစ်ဦးဖြစ်တဲ့ Chris Brannigan ဟာ သူ့ရဲ့သမီးလေး ခံစားနေရတဲ့ရောဂါကို ကုသနိုင်ဖို့အတွက် အလှူငွေကောက်ခံနိုင်ဖို့ မိုင်(၇၀၀)ကျော်ခရီးကို ဖိနပ်မပါဘဲ လမ်းလျှောက်အလှူခံခဲ့ပါတယ်။Chris ရဲ့အသက်(၈)နှစ်အရွယ်သမီးလေးဟေတီဟာ မွေးရာပါ Cornelia de Lange syndrome ဆိုတဲ့ရောဂါကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ အဆိုပါရောဂါဟာ လက်တလောမှာတော့ ကုသနိုင်ရန် ဆေးလည်းမရှိသေးတာကြောင့် Chris ဟာ CdLS Hope For Hasti ဆိုတဲ့ပရဟိတအဖွဲ့လေးတစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။အဆိုပါပရဟိတအဖွဲ့ကနေ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ CdLS ရောဂါ ခံစားနေရတဲ့ကလေးများအတွက် ကုသနိုင်တဲ့ဆေးကို ဖော်ထုတ်နိုင််ရန် ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။

ဆေးဖော်ထုတ်နိုင်ရန် သုတေသန လုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျစရိတ်ဟာ စတာလင်ပေါင်(၄)သိန်းခန့် ကုန်ကျမှာဖြစ်တယ်လို့ Chris က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ဒါကြောင့် Chris ဟာ သူ့ရဲ့ ပရဟိတလုပ်ငန်းမှာ အလှူငွေတွေရရှိနိုင်ဖို့အတွက် မိုင်(၇၀၀)ကွာဝေးတဲ့ခရီးကို ခြေဗလာနဲ့ လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ Chris လျှောက်ခဲ့တဲ့ လမ်းခရီးတလျှောက် မြို့တိုင်းရှိမြို့ခံတွေကလည်း လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။Chris ဟာ သူ့ရဲ့ခြေထောက်တွေမှာ ရည်ကြည်ဖုတွေ ပေါက်လာပေမယ့်လည်း နိုင်ငံအနှံ့လမ်းလျှောက်ကာအလှုငွေကောက်ခံတာကိုတော့ ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပါတယ်။

ခရီးစဉ်အတွင်းမှာ Chris ရဲ့ခြေထောက်ဟာ ရောဂါပိုးဝင်ရောက်တာကြောင့် ဆေးရုံသုံးရက်တက်ခဲ့ရပြီး ထိုအခြေအနေကိုရောက်နေတာတောင်မှ Chris ဟာ ဇွဲမလျော့ဘဲဆက်လက်ကာ လမ်းလျှောက်ခဲ့ပါတယ်။သူရဲ့ဇာတိမြို့ Edinburgh Castle သို့ ရောက်လာတဲ့အခါမှာတော့ Chris ကို သမီးဖြစ်သူဟေတီက အပြေးဖက်ကာ ကြိုဆိုခဲ့ပါတယ်။ထိုအခိုက်အတန့်လေးတွေနဲ့ပက်သက်ပြီး Chris ဟာ Facebook ပေါ်မှာစာ တစ်စောင်ရေးတင်ခဲ့ပါတယ်။ ” ကျွန်တော်နာကျင်စွာ လှမ်းခဲ့ရတဲ့ခြေလှမ်းတိုင်းကခြေလှမ်းရကျိုးနပ်စေခဲ့ပါတယ်။

တောင်ကုန်းတွေကိုဖြတ်ကျော်လာရတဲ့ပင်ပန်းမှုတွေက သမီးလေး ကျွန်တော်ကိုပွေ့ဖက်ပြီး လာကြိုတဲ့အခါမှာ အားလုံးပျောက်ကွယ်သွားပါပြီ။ (၃၅)ရက်ကြာတဲ့ ဒီမိုင်(၇၀၀)ခရီးမှာ ကျခဲ့ရတဲ့သွေး၊ ချွေးနဲ့မျက်ရည်တွေက သမီးလေးဟေတီအတွက် မျှော်လင့်ချက်ဖြစ်စေခဲ့လို့ အားလုံးကိုကျေးဇူးတင်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။Chris ရဲ့ထိုခရီးကြမ်းကတော့ ဆေးရုံးတက်ခဲ့ရတဲ့ (၃)ရက်အပါအဝင် (၃၈)ရက်ကြာမြင့်ခဲ့ပြီး ဩဂုတ်လ (၁၃)ရက်နေ့မှာတော့ သူ့ရဲ့ဇာတိမြို့ Edinburgh ကိုရောက်လာခဲ့ပါတယ်။ သူဟာ ခရီးစဉ်အတွင်းမှာ သူ့ရဲ့ပရဟိတအဖွဲ့အတွက် အလှုငွေ စတာလင်ပေါင် ၃၇၀၀၀၀ ခန့်ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *