လတ်တလောမှ Joker ဇာတ်ကားနဲ့ အော်စကာဆုပူပူနွေးနွေးရရှိထားတဲ့ သရုပ်ဆောင် Joaquin Phoenix ဟာ အော်စကာရပြီးတာ (၄၈) နာရီမပြည့်သေးခင်မှာပဲ ကုသိုလ်ကောင်းမှုကြီးတစ်ခု ပြုဖြစ်ခဲ့ကြောင်း သိရပါတယ်။ သူဟာ လော့စ်အင်ဂျလိစ်သားသတ်ရုံက အသတ်ခံရမယ့် နွားမကြီးနဲ့ နွားပေါက်လေးတစ်ကောင်ကို ကယ်ဆယ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် (၄၅) နှစ်ရှိပြီဖြစ်တဲ့ Joaquin ဟာ ကယ်လာတဲ့ နွားသားအမိကို ဘေးမဲ့တောတစ်ခုမှာ လွှတ်ပေးခဲ့တယ် ဆိုပါတယ်။ သူဟာ စေ့စပ်ကြောင်းလမ်းထားတဲ့ ချစ်သူ ရူးနေးမာရာနဲ့ ပီကိုရီဗာရာသားသတ်ရုံရှိရာနေရာဆီသွားခဲ့ပြီးတဲ့နောက် နွားနှစ်ကောင်ကို ကယ်ထုတ်လာခဲ့တာပါ။အော်စကာဆုရှင် Joaquin ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း သတ်သတ်လွတ်သမားတစ်ဦး ဖြစ်သလို ပရိသတ်တွေကိုလည်း အခွင့်အရေးရရင်ရသလို သတ္တ၀ါတွေကို ညှာတာထောက်ထားဖို့ပြောတတ်သူပါ။ သူဟာ တိရစ္ဆာန်တွေကို ဘောင်ခတ်အကျဉ်းချထားတဲ့ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေကို မနှစ်ခြိုက်သူလည်း ဖြစ်ပါတယ်။
အောက်မှာတွေ့ရတဲ့ ဗီဒီယိုကတော့ ရွှန်းမွန်ဆွန်းဆိုသူက ရိုက်ကူးထားတာပါ။ Joaquin ကိုတော့ သားသတ်ရုံက ကယ်တင်လာခဲ့တဲ့ နွားမကြီးတစ်ကောင်နဲ့အတူ နွားပေါက်ကလေးတစ်ကောင်ကို ပွေ့ချီပြီး ခေါ်လာနေတာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Joaquin ကတော့ “ကျွန်တော်က သားသတ်ရုံနဲ့ ရင်းနှီးမှုရလိမ့်မယ်လို့ မထင်မိဘူး။ သားသတ်ရုံက စီအီးအိုနဲ့ ကျွန်တော်နဲ့ စကားပြောပြီးပါပြီ။ နောက်ဆုံးတော့ နွားမကြီး လစ်ဘာတီနဲ့ သူ့ကလေး အင်ဒီဂိုကို ကယ်လာနိုင်ခဲ့ပါတယ်။ အင်ဒီဂိုလေးကတော့ သူ့အမေကြီးနဲ့ ဘေးမဲ့တောမှာ အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာတော့မှာပါ..”လို့ ဆိုပါတယ်။