ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ) မှာ ကိုဗစ်အတည်ပြုလူနာတွေကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကစပြီး စတင်ထားရှိကုသတော့မှာဖြစ်ပါတယ်။ ဒီယာယီကုသရေးဌာနကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီမနက်မှာ လာရောက်စစ်ဆေးခဲ့ပါတယ်။
သုဝဏ္ဏ မြတ်ခင်းတု အားကစားကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး လူနာဦးရေ ၄၁၆ ဦး ထားရှိကုသနိုင်မှာပါ။ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်အတွက်လည်း အဲဒီမှာ နေရာထိုင်ခင်း တစ်ပါတည်း စီစဉ်ထားပေးပါတယ်။
ပိုးတွေ့လူနာတွေကိုထားဖို့ ယာယီကုသရေးဆေးရုံ ၃ ခုထိ တိုးချဲ့ပြင်ဆင်ထားရာမှာ လှိုင်နဲ့ ဒဂုံဆိပ်ကမ်းက ကွာရန်တင်းစင်တာတွေကို အခုအခါ ယာယီကုသရေးဆေးရုံအဖြစ် အသွင်ပြောင်းထားပြီးဖြစ်ပါတယ်။သုဝဏ္ဏကိုဗစ်ကုသရေးဌာနကိုတော့ စက်တင်ဘာ ၁၄ ရက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ငါးရက်အတွင်း အပြီးတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။