နောက်ဆုံး ကစားခဲ့တဲ့ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်း ဟာ အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ ကစားရတဲ့ ပွဲစဉ်ကိုအနိုင်ရယူနိုင်ဖို့ အတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားခဲ့ ပါတယ်။
ဒဏ်ရာရနေတဲ့ ဂိုးသမား အဲလစ်ဆန်၊ ဟန်ဒါဆန်တို့ မပါဝင်တာလွဲပြီး မာနေး၊ ဆာလက်၊ ဖာမီနိုစ့်၊ ဖာဘင်ဟို၊ ဝိုင်နယ်ဒန်၊ မီလ်နာ၊ ဂိုမက်ဇ်၊ ဗန်ဒိုက်တို့ စတဲ့အဓိက ကစားသမားတွေ ပါဝင်ကစားခဲ့ပါတယ်။ ဘုန်းမောက် အသင်းကလည်းအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ကူလမ်ဝီလ်ဆန်၊ ဖရာဆာ၊ လာမာ၊ စတာနစ်လက်စ်၊ ဘိုင်လင်း တို့နဲ့ ပွဲထွက် ကစားခဲ့ပါတယ်။
လီဗာပူးအသင်းက တိုက်စစ်ဆင် ကစားခဲ့ပြီးဘုန်းမောက်ကတော့ ခံစစ်ပိတ်ကာ တန်ပြန်တိုက် စစ်ဆင်ဖို့ ကြိုးပမ်းကစားခဲ့ရာ ပွဲချိန် ၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘုန်းမောက် တိုက်စစ်မှူး ကူလမ်ဝီလ်ဆန်က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း လီဗာပူးအသင်း ဟာ ဘုန်းမောက်အသင်းဘက်ကိုအချိန်များစွာဖိအားပေးကစားခဲ့ပေမယ့် အဆုံးသတ် မသေချာတဲ့ အတွက်ချေပဂိုးစောစီးစွာမရဘဲ ပွဲချိန် ၂၅ မိနစ်မှာ ဆာလက်က လီဗာပူးအသင်းအတွက်ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရရှိသွားပြီးနောက်ပိုင်း လီဗာပူးအသင်း ဟာ ဘုန်းမောက်အသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်တာတွေဆက်လက်ပြုလုပ်ခဲ့ရာ ပွဲချိန် ၃၃ မိနစ်မှာ မာနေးက လီဗာပူးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဘုန်းမောက် ဟာ လီဗာပူးအသင်းကို ယှဉ် မကစားနိုင်ဘဲ့လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာ နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးအသင်းဟာ အနိုင်ဂိုးထပ်မံ သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့သလို ဘုန်းမောက်ကလည်း ချေပဂိုးသွင်းယူနိုင်ဖို့ အရှိန်မြင့်ကစားခဲ့ပါတယ်။လီဗာပူးအသင်း ဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီး နဲ့ ကစားနိုင်ပေမယ့် ကန်သွင်းတဲ့ ဂိုးတွေ ဂိုးဘားထိမှု၊ အဆုံးသတ်မကောင်းမွန်တို့ကြောင့် ဂိုးထပ်မံ မသွင်းနိုင်ခဲ့ပါဘူး၊ လီဗာပူးအသင်း ဟာ ဘုန်းမောက်ကိုအနိုင်ရတဲ့အတွက် အိမ်ကွင်းမှာ ကစားတဲ့ ပရီးမီယားလိဂ် နောက်ဆုံး ၂၂ ပွဲကို အနိုင်ရယူနိုင်ခဲ့ပါတယ်။