ဟင်းတစ်ခွက်ရဖို့ လေယာဉ်နဲ့ မိုင်(၂၀၀)ပတ်လည် ခရီးနှင်ခဲ့ကြတဲ့ ဘော်ဒါသုံးယောက်

Posted on

ဟင်းတစ်ခွက်ရဲ့တန်ဖိုးဟာ ထမင်းစားလို့ မြိန်ခြင်းဆိုတဲ့အကျိုးကျေးဇူးထက် ပိုပါတယ်။ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးကို ဟင်းကောင်းတစ်ခွက်နဲ့ တည်ဆောက်နိုင်သလို၊ တစ်သက်တာ မမေ့နိုင်တဲ့အပျော်တွေကိုလည်း ဟင်းကောင်းတစ်ခွက်က ယူပေးနိုင်ပါတယ်။ ဒါကြောင့် ဟင်းတစ်ခွက်ဆိုတာ လူမှုရေးနဲ့ အဟာရတွေ ပူးပေါင်းထည့်ဝင်ထားတဲ့ အနုပညာလက်ရာတစ်ခုပါ။

အခုလည်း ဘော်ဒါအပေါင်းအသင်း (၃)ယောက်ကတော့ ဟင်းတစ်ခွက်ရဖို့အရေး လေယာဉ်နဲ့ မိုင်(၂၀၀)ဝန်းကျင် ခရီးနှင် ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သူငယ်ချင်းသုံးယောက်ဟာ Isle of Wight ကနေ လန်ဒန်အထိ ခရီးဆန့်ခဲ့ကြတာပါ။ ပိုင်းလော့ကတော့ Danial Sabhani (၅၃)နှစ်ဖြစ်ပါတယ်။

Danial ဟာ သူရဲ့ အပေါ့စားလေယာဉ်ငယ်လေးနဲ့အတူ သူငယ်ချင်း Simon Ledger နဲ့ Mike Figg တို့ကို တင်ခေါ်လာခဲ့တာပါ။ သူတို့ကတော့ အသက် (၄၃)နှစ်နဲ့ (၃၉)နှစ် အသီးသီးကို ရောက်နေကြပါပြီ။ အသွားအပြန်ခရီးစဉ် ဖြစ်တာကြောင့် မိုင်(၁၈၀)နီးပါးလောက် သူတို့ သွားခဲ့ကြတဲ့ သဘောပါ။

လေယာဉ်လေးကတော့ Cirrus SR22 အမျိုးအစားဖြစ်ပြီး Danial တောင့်တလွန်းတဲ့ စားသောက်ဆိုင်ဆီအထိ သွားရောက်ခဲ့ကြတာလို့ ဆိုပါတယ်။ Cirrus SR22 လေယာဉ်လေးတွေဟာ တစ်နာရီ (၁၂၀)mph အထိ မောင်းနှင်နိုင်ပြီး၊ အမြင့်ပေ (၅၀၀၀)လောက်အထိ ပျံသန်းနိုင်ပါတယ်။ Sandown ကနေ Elstree လေဆိပ်မှာ ဆင်းသက်ခဲ့တာပါ။

ယင်းနောက် ဘော်ဒါသုံးယောက်ဟာ Harrow မှာတည်ရှိတဲ့ နာမည်ကြီးစားသောက်ဆိုင် Lahore Spice စားသောက်ဆိုင်ဆီကို အချိန်(၁၅)မိနစ်ကြာ မော်တော်ကားခရီးစဉ်ကို ဆက်လက်ထွက်ခွာခဲ့ကြတာပါ။ သူတို့ဟာ ပေါင်(၅၀)ဖိုး တက်ညီလက်ညီ စားသောက်ခဲ့ကြပြီး၊ အိမ်အပြန်ကိုတော့ ပေါင်(၂၀၀)ဖိုး အစားအသောက်တွေ ဝယ်ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Simon အပြောအရတော့ “ Danial က ပြောတယ် … မင်းတို့ ဟင်းကောင်းကောင်းတစ်ခွက်လောက် စားမလားတဲ့ … နေ့လည် (၂)နာရီတောင် ရောက်နေပေမယ့် ကျွန်တော်တို့က “လုပ်လိုက်လေ ကြာသလားလို့ ”ဆိုပြီး မြှောက်ပေးလိုက်တယ် … အဲဒီမှာ ကျွန်တော်တို့ကို လေယာဉ်နဲ့ ခေါ်သွားတော့တာပဲ ”လို့ ဆိုပါတယ်။

အသွားအပြန် လေယာဉ်မောင်းချိန်ကတော့ မိနစ်(၄၀)သာ ကြာခဲ့ပါတယ်။ စုစုပေါင်းကုန်ကျစာရိတ်ကတော့ လေယာဉ်ဆီဖိုး ပေါင်(၆၀)၊ စားသောက်ဆိုင်ဆီ အသွားအပြန်တက္ကစီငှားလိုက်တာက ပေါင်(၄၀)၊ အစားအသောက်ဖိုးကတော့ ပေါင်(၂၅၀)မို့ အဲဒီတစ်နေ့တည်းတည်း ပေါင်(၃၅၀)လောက် ကုန်သွားတဲ့သဘောပါ။

ဒါပေမယ့် Sandown ကနေ Harrow ထိ ကားအသွားအပြန်ငှားမယ်ဆိုရင် ဒီထက်ပိုပြီး ကုန်ကျလိမ့်မယ်လို့ ဆိုပါတယ်။ ဖယ်ရီယာဉ်စောင့်ဖို့အတွက်က မိနစ်(၄၀)အထိ ကြာမြင့်မှာဖြစ်သလို၊ ကုန်းမကြီး (ပို့စ်မောက်)ဆီကိုရောက်ဖို့အတွက် ဖယ်ရီယာဉ်ငှားရမ်းခကတော့ ပေါင်(၁၀၀)အထိ ပေးချေရမှာပါ။ ပို့စ်မောက်ကနေ ကားထပ်ငှားပြီး၊ လန်ဒန်ကို ဆက်သွားရမှာ ဖြစ်ပါတယ်။ အချိန်(၂)နာရီ ကြာမြင့်မှာဖြစ်ပြီး၊ အသွားအပြန်တက္ကစီခ ပေါင်(၁၀၀)ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

ဒီတွက်ချက်မှုက ခရီးစာရိတ် သက်သက်ဖြစ်လို့ Danial ရဲ့ Cirrus SR22 လေယာဉ်လေးနဲ့ ခရီးထွက်လာခဲ့တာ မှန်တယ်လို့ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဟင်းတစ်မယ် တန်ဖိုးကတော့ သူတို့ဘဝတစ်ဆစ်ချိုးမှာ မှတ်မှတ်ရရ ရှိနေဦးမှာပါ။ ဒီလိုပဲ အပျော်တွေကို မထင်ထားချိန် ဖန်တီးတတ်တဲ့ Daniel အဖို့ နောက်ထပ် ပျော်စရာတွေ ရှိနေပါလိမ့်မယ်။

လင်းသူရိန်

Leave a Reply

Your email address will not be published. Required fields are marked *