(၂၀၁၉) ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကတော့ မတ်လ (၂၉) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီးမှ COVID-19 ကူးစက်ရောဂါကြောင့် သင်္ကြန်အပြီးအချိန်ကို ရွှေ့ဆိုင်းလိုက်ပြီပဲ ဖြစ်ပါတယ်။ တစ်နှစ်မှတစ်ခါကျင်းပတဲ့ အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးက အနုပညာရှင်တွေနဲ့ ပရိသတ်တွေက စိတ်ဝင်စားနေကြသလို ပွဲနဲ့ပက်သတ်ပြီး ကောလဟာလတွေကလည်း နှစ်တိုင်းလိုလို ထွက်ပေါ်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ (၂၀၁၉) ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ နဲ့ ပက်သတ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အခုလိုပဲ ရှင်းလင်းလာပါတယ်။
“အကယ်ဒမီ ထူးချွန်ဆုနှင့်ပတ်သက်၍ ယခုနှစ်ရုံတင်ပြသသော ရုပ်ရှင်ဇာတ်ကား(၉၇)ကားအနက်မှ ဒုတိယဆင့် (၂၉)ကားကို ပဏာမရွေးချယ်ခဲ့ပါသည်။ အဆိုပါဇာတ်ကားများကို ဒုတိယဆင့်၊ တတိယဆင့်၊ စတုတ္ထဆင့် ကြည့်ရှုခြင်းများအား (၂၉.၂.၂၀၂၀) နေ့ထိ ကြည့်ရှုအကဲဖြတ်ခဲ့ကြပါသည်။ အကဲဖြတ်အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စည်းစံနစ်ကျနစွာ ကြည့်ရှုအကဲဖြတ်ခဲ့ကြပါသည်။
အကဲဖြတ်အဖွဲ့ဝင်တစ်ဦးချင်းက မိမိတို့၏ အကဲဖြတ် သုံးသပ်ချက်များကို ချိတ်ပိတ်၍ (၁၀.၃.၂၀၂၀)နေ့တွင်ပေးအပ်ကြရန် ညွှန်ကြားခဲ့ပါသည်။ ယနေ့ထိ ထူးချွန်ဆုရရှိသူများကို အတည်ပြု ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း ပြင်ပတွင် အကယ်ဒမီ စာရင်းပေါက်ကြားသယောင် ကောလဟလများပျံ့နှံ့နေသည့်အတွက် ယနေ့ထိ မည်သူ့ကိုမျှ အကယ်ဒမီ ရွေးချယ်ထားခြင်းမရှိသေးပါကြောင်း သတင်းမှန်ကို ရှင်းလင်းအသိပေးအပ်ပါသည်။” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဖြေရှင်းလာပါတယ်။အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးက ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားပေမယ့် ပရိသတ်တွေကတော့ စိတ်ဝင်တစား ရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီနှစ်မှာ ဘယ်အနုပညာရှင်တွေ အကယ်ဒမီဆု ရရှိနိုင်မလဲဆိုတာ ခန့်မှန်းပေးကြပါဦး။