အခက်အခဲတွေကြားကနေ ဘုရားတည်ခဲ့တဲ့ မင်းသွေးအကြောင်း ပြောပြာပြတဲ့ ညီမင်းခိုင်

ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ နွယ်နီသီချင်းကို ဖန်တီးသီဆိုသူက ညီမင်းခိုင် ဖြစ်ပါတယ်။ မင်းသွေးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်သလို မင်းသွေးနဲ့ ပတ်သက်သမျှကို သတိတရ ရှိနေတတ်သူပါ။ ပြီးခဲ့တဲ့ ရက်က နေတိုး မိသားစုရဲ့ မာန်အောင် အလှူမှာတော့ ညီမင်းခိုင်လည်း တူတူ ပါဝင်ခဲ့ပါတယ်။ အလှူမှာ ပါဝင် ဖြစ်ပုံနဲ့ သူငယ်ချင်းမင်းသွေးရဲ့ ဘာသာရေး ကိုင်းရှိုင်းပုံကို ညီမင်းခိုင်က ခုလို ပြောပြသွားပါတယ်။

“ဒီအလှူမှာကျတော့ ကြိုပြောထားတာ ကြာပြီလေ။ ကျွန်တော်နဲ့ သားငယ်ကို မင်းတို့နှစ်ယောက်ကတော့ မပါမဖြစ် မအားရင်လည်း အားအောင်လုပ်ပေး ဒီပွဲမှာ လာရောက်ရမယ် ဆိုတော့ အလုပ်ရှိရင်တောင်မှ ငြင်းပြီး လာရမယ့် ပွဲပေါ့နော်။ အရမ်းကို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသလို ဘုရားတည်တဲ့ နေရာမှာ ပထမဆုံး ကုသိုလ်ပြုဖူးတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။” လို့ ဆိုပါတယ်။

အခက်အခဲတွေ ကြားကနေ ဘုရားတည်တဲ့ မင်းသွေးအကြောင်း ညီမင်းခိုင်က ခုလို ပြောပြသွားပါတယ်။

“သူကတော့ တကယ့်ကို လူကောင်းတစ်ယောက်ပါ။ လူကောင်းထဲမှာတောင် ဘာသာရေးကို လိုက်စားတဲ့ လူကောင်းပါ။ ကျွန်တော်တို့ ပေါင်းသင်းခဲ့တဲ့ အချိန်ကာလမှာ သူ့ ကြည့်လိုက်ရင် ဘယ်လိုလူမျိုးကို ဖြစ်ဖြစ် အမြဲတမ်း အပြုသဘောဆောင် ကြည့်တယ်။ အခုလို လမ်းကြမ်းပြီးတော့ ခက်ခဲတဲ့ နေရာမှာ ဘုရားတည်တယ်ဆိုတော့ တော်တော်လေးကို ဂုဏ်ယူမိတယ်။ ဘုရားရောက်တဲ့အချိန်မှာတောင် သူလမ်းလုပ်တာ ၂ ခါရှိပြီဆိုတော့ လာတဲ့အချိန်မှာ ကြည့်တာလည်း လမ်းခရီးက တော်တော်ကြမ်းတယ်။ မိုင်နည်းပေမဲ့ ခရီးကကြမ်းတော့ ဒီဘုရားကြီးကို သယ်လာပြုလာရတာ သူ့အတွက် တော်တော်ခက်ခဲခဲ့မယ် ထင်ပါတယ်။ ခက်ခဲပေမဲ့ တစ်ခါမှ ငြိုငြင်တာ မကြားဖူးဘူး။ ဒီဘုရားအတွက် သူ အမြဲတမ်း ကြည်နူးတယ်။ ဒီဘုရားအကြောင်းပြောရင် အမြဲတမ်း ကြည်နူးနေတာ တွေ့ရတဲ့အတွက် တကယ်ကို မွန်မြတ်တဲ့ သူတစ်ယောက်ပါ။” ဆိုပြီး ပြောသွားပါတယ်။

ကုသိုလ် ဒါနတွေ ပြုနေချိန်မှာ မင်းသွေးကို သတိရနေတဲ့ အကြောင်း ညီမင်းခိုင်က ခုလို ပြောပြပါတယ်။

“ဒီနှစ်ဆိုရင် သူ့ကို အရမ်း ရှိစေချင်တယ်။ သတိလည်း ရတယ်။ သူအရမ်းဖြစ်စေချင်တဲ့ ဆန္ဒပြည့်သွားပြီဆိုတော့ သူ့မိသားစုအတွက် သတိရစရာ နေ့လည်း ဖြစ်သွားတာပေါ့။ ကျွန်တော်တို့က သူ့ မိသားစုအတွက်လည်း ဂုဏ်ယူပါတယ်။ ခုလိုမျိုး တကူးတက ကိုယ့်ရပ်ဒေသမှာ သပ္ပါယ်တဲ့ ဘုရားတစ်ပါး ဉာဏ်တော်ကြီးကြီးနဲ့ ဘုရားတစ်ပါး တည်နိုင်လို့ ကျွန်တော်ကတော့ ဂုဏ်ယူပါတယ်။” လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *