အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ခုနစ်ခုရှိ ပြည်သူများ နေအိမ်တွင် နေထိုင်ရေး(Saty at Home) အစီအစဉ်တွင်အကျုံးဝင်ပြီး မိမိနေအိမ်တွင်နေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်မှတ်ထိုး၍ ယနေ့ (ဧပြီ ၁၈ ရက်)တွင် အမိန့်အမှတ်(၃၈/၂၀၂၀)ကိုထုတ်ပြန်ကြေညာခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း အဆိုပါ အမိန့်စာတွင်ပါရှိသည်။သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင်ဖော်ပြပါရှိသည်။
အဆိုပါ မြို့နယ်ခုနစ်ခု ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့် သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း အမိန့်စာတွင် ပါရှိသည်။
ထို့ပြင် မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် စည်းကမ်းချက်များကိုလိုက်နာရမည်ဖြစ်ပြီး ယင်းကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန်ဖြစ်ကြောင်း အမိန့်စာတွင်ဖော်ပြထားသည်။ယခုအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး ယခုအမိန့်သည် ယနေ့(ဧပြီ ၁၈ ရက်) ညနေ ၆ နာရီ အချိန်မှ စတင်သက်ရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါ အမိန့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။