ရုရှရဲ့ S-300 ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ တော်တော်ကို ထိရောက်မှု မရှိဘူးလို့ ဆီးရီးယားစစ်တပ်က ဝေဖန်ကြောင်း Avia.pro သတင်းက မနေ့က ဖော်ပြပါတယ်။S-300 မှာ သုံးထားတဲ့ ရေဒါနဲ့ Pantsir-S စနစ်တွေဟာ အကြိမ်တော်တော်များများမှာ အစ္စရေးရဲ့ ခရုဇ်ဒုံးကျည်တွေကို မထောက်လှမ်းနိုင်ပဲ ပစ်ခတ်ခံရတယ်လို့ ဆီးရီးယားစစ်တပ်သတင်းရင်းမြစ်တစ်ရပ်က ပြောတာ ဖြစ်ပါတယ်။
ဆီးရီးယားရဲ့ စစ်ရေးအခြေခံအဆောက်အအုံမှာ ရုရှရဲ့ အခြား လေကြောင်းရန်ကာစနစ်တွေဖြစ်တဲ့ S-125၊ Osa နဲ့ Igra လေကြောင်းရန်ကာဒုံးကျည်တွေစတာတွေကလည်း တော်တော်ကို ခေတ်နောက်ကျနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ဆိုဗီယက်ခေတ်က ထုတ်လုပ်ပြီး ၁၉၆၀ ကနေ ၁၉၈၀ ကြားမှာ ရုရှရဲ့ မဟာမိတ် ဆီးရီးယားဆီ ရောက်ရှိတဲ့ အဲဒီ လေရန်ကာစနစ်တွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ထင်ကြေးတွေ ပေးနေတာ ဒါဟာ ပထမဆုံး မဟုတ်ပါ။
ဒီ စနစ်တွေဟာ ရုရှက မကြာသေးခင်က ထုတ်လုပ်တဲ့ S-400 လို စနစ်တွေနဲ့လည်း နှိုင်းယှဉ်နိုင်စွမ်း မရှိတော့ပါ။ဒါပေမယ့် မကြာသေးခင်က တရုတ်က ထုတ်လုပ်ပြီး ပေးပို့ထားတဲ့ ရေဒါတွေဖြစ်တဲ့ တာဝေး JY-27 နဲ့ JYL-1 စနစ်နဲ့ အနိမ့်ပစ်မှတ်တွေကို ထောက်လှမ်းတဲ့ LLQ120 ရေဒါတွေကတော့ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်တွေကို ရုရှ S-300 ဒုံးခွင်းဒုံးက အောင်မြင်စွာ ပစ်ချနိုင်မှုအချို့ဟာ တရုတ် ရေဒါတွေဟာ အောင်မြင်စွာ ထောက်လှမ်းနိုင်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းကတော့ ရုရှ S-300 စနစ် အလုပ်ဖြစ်အောင် တရုတ်ရေဒါတွေကို ပိုဝယ်ယူပြီး ပေါင်းစပ်တပ်ဆင်အသုံးပြုတာပဲ ဖြစ်တယ်လို့ Avia.pro အရ သိရပါတယ်။ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကာလတစ်လျှောက် သမ္မတ ဘာရှာအာဆတ်ကို ပံ့ပိုးပေးနေတဲ့ အီရန်နဲ့ ၎င်းရဲ့ ကြိုးကိုင်အုပ်စုတွေ ခြေကုပ်ယူထားတဲ့ စစ်စခန်းတွေ၊ တည်နေရာတွေနဲ့ အဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့ ရန်သူတော် အစ္စရေးက ပုံမှန်လေကြောင်းထိုးစစ်တွေ ဆင်နွှဲနေတော့တာ ဖြစ်ပါတယ်။
Rf; MEMO