အဖိုးမွေးနေ့အထိမ်းအမှတ်ပွဲကို ကင်ဂျုံအမ် မတက်ရောက်ခဲ့တဲ့အကြောင်းအရင်းထွက်ပေါ်လာ

Posted on

အဖိုးမွေးနေ့အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ပျက်ကွက်ခဲ့ပြီး မီဒီယာစာမျက်နှာပေါ်က ခဏတာပျောက်ခြင်းမလှပျောက်သွားခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ တကယ်တော့ Covid-19 ကူးစက်မှုကို ရှောင်ရှားလိုခြင်းကြောင့်ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်နေ့က တောင်ကိုရီးယားသတင်းတစ်ခုမှာ ဝန်ကြီးတစ်ဦးပြောကြားခဲ့ပါတယ်။ ကင်ဂျုံအမ်ကို ဧပြီ ၁၁ ရက်နေ့က လက်နက်စမ်းသပ်မှုတစ်ခုမှာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း ယခုအချိန်အထိ သတင်းစာမျက်နှာတွေပေါ်မှာ ပြန်လည်မတွေ့ရှိရသေးပါဘူး။ ကမ္ဘာ့သတင်းမီဒီယာတွေကတော့ ၎င်းအခြေအနေနဲ့ပတ်သတ်ပြီး အမျိုးမျိုးထင်မြင်ချက်ပေးခဲ့ပေမယ့်အိမ်နီးချင်းတောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဘက်မှာ ထူးခြားတဲ့အခြေအနေမတွေ့ရပဲ ခေါင်းဆောင်ကင်ဂျုံအမ် ကျန်းမာရေးမကောင်းတဲ့ပုံစံမျိုးလေ့လာမိတာလည်းမရှိဘူးလို့ ဆိုခဲ့တာပါ။

တိုင်းပြည်အာဏာကိုစတင်ရရှိချိန်ကတည်းက ယခုအထိ ကင်ဂျုံအမ်ဟာ အဖိုးမွေးနေ့အခမ်းအနားကို နှစ်စဉ်မပျက်မကွက်တက်ရောက်ခဲ့သူဖြစ်ပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ Covid-19 ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် တမင်မတက်ရောက်ခဲ့တာဖြစ်နိုင်ပြီး မြောက်ကိုရီးယားမှာ ယခုအတောအတွင်းကျင်းပမဲ့ပွဲလမ်းသဘင်တွေကို ရောဂါကြောင့် ရွှေ့ဆိုင်းထားတာတွေလည်းရှိတယ်လို့ သိရရှိရပါတယ်။ ဒါကြောင့် ယခုလို ကင်ဂျုံအမ်ကိုမတွေ့ရှိရတာကို တောင်ကိုရီးယားက အရေးကြီးဖြစ်စဉ်လို့ မမြင်တာလည်းဖြစ်နိုင်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ကကင်ဂျုံအမ် အမြန်နေကောင်းပါစေကြောင်း ဆုတောင်းပေးတဲ့အပြင် ဂျပန်အနေနဲ့ ယခုဖြစ်စဉ်ကို သေချာစောင့်ကြည့်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။မြောက်ကိုရီုးယားအရေးလေ့လာရေးအဖွဲ့ Korea Risk Group ရဲ့ CEO Chad O’Carroll က ” အကယ်လို့ ကင်ဂျုံအမ်ဟာ ရောဂါကိုကြောက်လို့ အပြင်မထွက်ဘူးဆိုရင် မြောက်ကိုရီးယားသတင်းတွေဖော်ပြနေတဲ့ မြောက်ကိုရီးယားဟာ Covid-19 လုံးဝကင်းစင်တယ်ဆိုတဲ့အဆိုကိုပြန်လည်သုံးသပ်ကြည့်ဖို့လိုနေပြီ” လို့ထောက်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်ထောက်လှမ်းရေးရဲ့အဆိုအရ ကင်ဂျုံအမ်ဟာ သူရဲ့ အပန်းဖြေနေအိမ်တည်ရှိရာ Wonsan ဒေသကိုရောက်ရှိနေတယ်လို့လည်းပြောကြပြန်ပါတယ်။ သို့ပေမယ့် ဘယ်သူကမှ အတိအကျမပြောနိုင်ကြသေးပါဘူး။၎င်းသတင်းနဲ့ပတ်သတ်ပြီးတောင်ကိုရီးယားမှာခိုလှုံနေတဲ့ မြောက်ကိုရီးယားနိုင်ငံရေးသမားဖြစ်သူ Thae Yong-ho ကတော့ ဒါဟာ မြောက်ကိုရီးယားရဲ့ လှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အစည်းအဝေးတွေမှာ သူ့ကိုမတွေ့ရှိရခြင်းနဲ့ နိုင်ငံတော်ပြန်တမ်းတွေမှာ သူ့လက်မှတ်မပါလာတော့မှာတွေကိုလည်းတွေ့လာနိုင်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *