အလောင်းအစားနိုင်ဖို့အတွက် (၄)နှစ်ကျော်အောင် လက်သည်းအရှည်ထားခဲ့တဲ့အမျိုးသမီး

Posted on

လူတော်တော်များများဟာ နေ့စဉ်နေ့တိုင်း အိမ်မှုကိစ္စတွေနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေရတာကြောင့် လက်သည်းအရှည်ကို ရက်အကြာကြီးထားထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်အမျိုးသမီးတစ်ဦးကတော့ သူမရဲ့လက်သည်းကို ၁၂စင်တီမီတာ(၄.၇လက်မ)အထိ ရှည်အောင်ထားနိုင်ခဲ့ပါတယ်။

သူမဟာ ဒီလောက်ရှည်တဲ့ လက်သည်းကိုတော့ မထားချင်ခဲ့ပါဘူး။ ယခုလိုထားဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ သူမပြုလုပ်ထားခဲ့တဲ့ အလောင်းအစားတစ်ခုကို နိုင်ချင်လို့သာဖြစ်ပါတယ်။ သူမရဲ့ နာမည်ကတော့ Elena Shilenkova ဖြစ်ပြီး ရုရှား Youtuber နဲ့ Blogger တစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က ” လက်သည်းတွေကို အရမ်းရှည်အောင် နင် ထားနိုင်မှာ မဟုတ်ဘူး “လို့ အလောင်းအစားပြုလုပ်ခဲ့ပါတယ်။ထို့အတွက်ကြောင့်လည်း ကိုယ်လုပ်နိုင်တာကို သက်သေပြရတာနှစ်သက်တဲ့ Elena ဟာ သူမသူငယ်ချင်းရဲ့ အလောင်းအစားကို လက်ခံခဲ့ပြီး လက်သည်းအရှည်ကို ထားဖြစ်ခဲ့တာဖြစ်ပါတယ်။

Elena က “ကျွန်မရဲ့လက်သည်းတွေကို အရှည်ထားခဲ့တာဟာ ဒီတစ်ခါမှာတော့ အရှည်ဆုံးပါပဲ။ လက်သည်းတွေ ဒီအနေအထားထိရှည်လာဖို့အတွက် ကျွန်မ အချိန်လေးနှစ်နဲ့သုံးလအကြာ အချိန်ပေးခဲ့ရပါတယ်။ ကျွန်မရဲ့သူငယ်ချင်းနဲ့ လောင်းကစားလုပ်ခဲ့တဲ့အချိန်ကတည်းက စခဲ့တာပါ။ အခုချိန်မှာတော့ လူတိုင်းက ကျွန်မရဲ့လက်သည်းအကြောင်းကို ပြောဆိုနေကြပါပြီ။ ကျွန်မရဲ့လက်သည်းတွေကို “ကလေးလေးတွေ”လို့ပဲ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ လေးနှစ်လုံးလုံး ဒီလက်သည်းတွေကို ကလေးတစ်ယောက်လိုပြုစုခဲ့ရတာကြောင့်ပါ”လို့ဆိုပါတယ်။

အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ သူမဟာ သူငယ်ချင်းနဲ့ ပြုလုပ်ထားခဲ့တဲ့ လောင်းကစားကို နိုင်သွားခဲ့ရုံတင်မကဘဲ ရုရှားနိုင်ငံရဲ့အရှည်ဆုံးလက်သည်းပိုင်ရှင်အဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။ သူမဟာ ထိုလက်သည်းတွေကို အရှည်ထားခဲ့တဲ့ ကာလတစ်လျှောက်မှာ သူမရဲ့လက်သည်းတွေ ကျိုးမှာကြောက်တာကြောင့် ရေကူးခြင်းတွေ၊ တင်းနစ်ကစားတာတွေနဲ့ ‌ရုရှားရဲ့အေးတဲ့ရာသီဥတုမှာတောင်လက်အိတ်ဝတ်ဖို့ကို ငြင်းပယ်ခဲ့ရပါတယ်။

သူမရဲ့လက်သည်းနဲ့ပက်သက်ပြီး စိတ်အပူရဆုံးအချက်ကတော့ သူမအိပ်နေတဲ့အချိန်မှာ လက်သည်းတွေကျိုးသွားမှာကိုဘဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူမလက်သည်းတွေ ကျိုးပဲ့တတ်ကြောင်းပြောပြခဲ့ပြီး ဒါတွေကို သူမအနေနဲ့အကောင်းဆုံး ပြန်ပြင်နိုင်ခဲ့ပါတယ်။ လက်သည်းတွေ ခိုင်မာစေဖို့အတွက်ကိုလည်း သူမဟာ ဗီတာမင်တွေသောက်သုံးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *