အရင်ကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ၁၀ ယောက်ရဲ့ စာရင်းကို သုတဇုန်မှာ တင်ခဲ့ဖူးပါတယ်။ ဒီတခါတော့ အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးရဲ့ စာရင်းကို ဝေမျှပေးလိုက်ပါတယ်။
10. He Xiangjian
He Xiangjian ကတော့ Midea အီလက်ထရောနစ်ကုမ္ပဏီတည်ထောင်သူ ဖြစ်ပါတယ်။ Midea ကုမ္ပဏီဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားကို လေအေးပေးစက် ၊ အဝတ်လျှော်စက် နဲ့ အခြားအိမ်သုံးပစ္စည်းများစွာကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးဟာ လုပ်သားပေါင်း ၁၃၅၀၀၀ နဲ့ လည်ပတ်လျက်ရှိပြီး ဒီကုမ္ပဏီကို He Xiangjian ဟာ ၁၉၆၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝမှုဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံပဲ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ကုမ္ပဏီကြီးထွားအောင်မြင်လာမှုနဲ့အတူ ၂၉.၄ ဘီလျံအထိ ကြွယ်ဝလာနေပြီဖြစ်ပါတယ်။
9. Tadashi Yanai
နံပါတ်၈ နေရာမှာရှိနေတာကတော့ ဂျပန်နိုင်ငံရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Tadashi Yanai ပါ။ သူဟာ ဂျပန်က လူသိများတဲ့ အင်္ကျီအမှတ်တံဆိပ် Uniqlo အပါအဝင်ဖြစ်တဲ့ Fast Retailing ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌလည်းဖြစ်သလို Nippon Venture Capital Co., Ltd. နဲ့ Softbank Corp လို ကုမ္ပဏီကြီးတွေရဲ့ ဒါရိုက်တာ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ အဆမတန်ကြီးမားလာခဲ့ပြီး နိုင်ငံပေါင်းတော်တော်များများမှာ စတိုးဆိုင်ခွဲပေါင်း ၂၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလျံ ဖြစ်ပါတယ်။
8. Masayoshi Son
Masayoshi Son ကတော့ Tadashi Yanai ကိုကျော်ဖြတ်ပြီး ဂျပန်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူပါ။ သူဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ SoftBank, SoftBank Mobile နဲ့ ယူကေအခြေစိုက် Arm Holdings ရဲ့ စီအိုးအို ၊ ဥက္ကဌ ရာထူးတွေကို ယူထားသူဖြစ်ပါတယ်။ သူဟာ စီးပွားရေးသမိုင်းတလျှောက် တဦးတည်း အကြီးဆုံး ဆုံးရှုံးသူအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ဒေါ့ကွမ်းတွေပြိုလဲမှုနဲ့အတူ ဘီလျံ ၇၀ ကျော် ဆုံးရှုံးခဲ့ဖူးပြီး ၁.၁ဘီလျံသာ ကျန်တော့တဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုဟာ ၃၀.၈ ဘီလျံ ဖြစ်ပါတယ်။
7. William Lei Ding
Ding Lei ကတော့ တရုတ်အင်တာနက်ကုမ္ပဏီ NetEase ရဲ့ တည်ထောင်သူ စီအီးအို ဖြစ်ပါတယ်။ အွန်လိုင်း ကွန်ပျူတာ နဲ့ မိုဘိုင်းဂိမ်း ၊ ကြော်ငြာလုပ်ငန်း ၊ အီးမေး နဲ့ အွန်လိုင်းအရောင်းအဝယ် platforms စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ NetEase ကို ကမ္ဘာ့အကြီးဆုံး အင်တာနက် နဲ့ ဂိမ်း ကုမ္ပဏီတခုအဖြစ် လူသိများပါတယ်။ ဒါတင်မကသေးပဲ ဝက်မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ပါသေးတယ်။ လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၃၀.၉ ဘီလျံ ဖြစ်ပါတယ်။
6. Hui Ka Yan
အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် နံပါတ် ၆ နေရာမှာ ရောက်ရှိနေသူ Hui Ka Yan ကိုတော့ Xu Jiayin လို့ လူသိပိုများပါတယ်။ သူဟာ တရုတ် ဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီကြီး Evergrande Group ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမြို့ကြီး ၂၄၀ မှာ ပရောဂျက်ပေါင်း ၇၀၀ ကျော်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ လက်ရှိအချိန် Hui Ka Yan ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ဖြစ်ပါတယ်။
5. Wang Wei
Wang Wei ကတော့ Fedex of China လို့ လူသိများတဲ့ S. F. Holding ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌ ဖြစ်ပါတယ်။ Wang Wei ဟာ ပစ္စည်းပို့သမားတယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး တည်ထောင်စဉ်က ဝန်ထမ်း ၆ယောက်သာ ရှိခဲ့တဲ့ သူ့ကုမ္ပဏီဟာ လက်ရှိမှာတော့ ဝန်ထမ်း ၁၃၀၀၀၀ ကျော်ရှိလာတဲ့အထိ ကြီးထွားလာပြီဖြစ်ပါတယ်။ ပစ္စည်းပို့ဝန်ဆောင်မှုအဖြစ် ၂၀၁၈ ခုနှစ်မှာ ဒရုန်းလေယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးလိုင်စင်ကို ပထမဆုံးရရှိခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ Wang Wei ဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၆၀% ကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုဟာ ၃၁.၄ ဘီလျံ ဖြစ်ပါတယ်။
4. Colin Zheng Huang
Colin Huang ကတော့ တရုတ်နိုင်ငံ အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီဖြစ်တဲ့ Pinduoduo ရဲ့ တည်ထောင်သူဖြစ်ပါတယ်။ Colin Huang ဟာ မိုက်ခရိုဆော့ဖ်ဝန်ထမ်း အဖြစ်ကနေ ထွက်ခဲ့ပြီးတဲ့နောက်မှာ အွန်လိုင်းဂိမ်းကုမ္ပဏီ Xinyoudi နဲ့ အွန်လိုင်းဈေးအရောင်းအဝယ် ဝဘ်ဆိုဒ် Ouku တို့ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Pinduoduo ကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ၅နှစ်အတွင်းမှာ တရှိန်ထိုး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ တနှစ်တည်းမှာတင် ဒီအွန်လိုင်းအရောင်းအဝယ် ဝဘ်ဆိုဒ်ကနေ ပုံမှန်ဝယ်ယူသုပေါင်း သန်း ၅၈၀ကျော်ရှိခဲ့သလို နေ့စဉ်ပါဆယ်ပေါင်း ၅၄သန်းကျော်ကို ပို့ဆောင်ခဲ့ရပါတယ်။ ဒီအောင်မြင်မှုကနေ Colin Huang ဟာ တရုတ်ရဲ့ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလျံ ဖြစ်ပါတယ်။
3. Jack Ma
အွန်လိုင်းဈေးဝယ်ကုမ္ပဏီကြီး Alibaba တည်ထောင်သူ သူဌေးကြီး ဂျက်မားကတော့ လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က အားလုံးရဲ့မယုံမကြည်မှုတွေနဲ့ စခဲ့ရတဲ့ သူ့ရဲ့ကုမ္ပဏီဟာ လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်ကတည်းက သူ့ရဲ့ စီအီးအိုနေရာကို Daniel Zhang ထံ လွှဲခဲ့ပြီး သူကတော့ ပရဟိတလုပ်ငန်းတွေကို အဓိကလုပ်ကိုင်လျှက်ရှိပါတယ်။ ယခု ကိုရိုနာကပ်ဘေးအတွင်းမှာ ဥရောပ ၊ အမေရိက နဲ့ အာဖရိကနိုင်ငံများကို သူ့ရဲ့ဖောင်ဒေးရှင်းက တဆင့် ကျန်းမာရေးအထောက်အကူပစ္စည်းပေါင်း သန်းနဲ့ချီ ပေးပို့လှူဒါန်းထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၅၂.၁ ဘီလျံဖြစ်ပါတယ်။
2. Ma Huateng
တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Ma Huateng ကိုတော့ Pony Ma နာမည်နဲ့လည်း လူသိများပါတယ်။ ဗီဒီယိုဂိမ်းထုတ်လုပ်ရေးအပြင် အခြားအင်တာနက် နဲ့ နည်းပညာဆိုင်ရာဝန်ဆောင်မှုများစွာကို လုပ်ကိုင်လျက်ရှိတဲ့ Tencent ကုမ္ပဏီ တည်ထောင်သူ စီအီးအိုလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၉ အထိရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၁-၁၀ ကို ပထမဆုံး ဝင်ခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ခဲ့ပါတယ်။ Public ကို သိပ်မထွက်ပဲ တိတ်တဆိတ် လှူဒါန်းမှုတွေလုပ်ကာ အေးအေးနေတတ်တဲ့သူ့ကို အမေရိကန်သူဌေးကြီး ဝါရင်းဘတ်ဖတ်နဲ့ ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ လက်ရှိအချိန် Ma Huateng ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၅၉.၈ ဘီလျံ ဖြစ်ပါတယ်။
1. Mukesh ambani
အာရှတိုက်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် နံပါတ် ၁ နေရာမှာ ရပ်တည်နေသူကတော့ အိန္ဒိယသူဌေးကြီး Mukesh ambani ဖြစ်ပါတယ်။ မွန်ဘိုင်းအခြေစိုက် အာရှအကြီးဆုံး စွမ်းအင် ရေနံကုမ္ပဏီကြီး ဖြစ်သလို ကမ္ဘာ့အကြီးဆုံး နံပါတ် ၉၆ ကုမ္ပဏီဖြစ်တဲ့ Reliance Industries ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ဖခင်ဖြစ်သူထံကအနေ အမွေဆက်ခံခဲ့တာဖြစ်ပေမယ့် သူ့လက်ထက်မှာ အခုလို အဆမတန်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အိမ် Antilia ဟာ ၂၀၂၀ ခုနှစ်တန်ဖိုးနဲ့တွက်ရင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံတန်ကြေးရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယ တန်ဖိုးအကြီးဆုံး လူနေထိုင်တဲ့အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါအပြင် သူဟာ ဒစ်ဂျစ်တယ် ၊ အရောင်းအဝယ် ၊ ဘဏ် ၊ အားကစား ၊ မီဒီယာ စတဲ့ အခြားလုပ်ငန်းခွဲပေါင်းများစွာကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၈၁.၁ ဘီလျံဖြစ်ပြီး ကမ္ဘာ့ နံပတ် ၇ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။
အပေါ်မှာ မျှဝေပေးခဲ့တဲ့ အာရှတိုက်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းဟာ Forbes စီးပွားရေးအွန်လိုင်းဝဘ်ဆိုဒ်ရဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ စာရင်းကို အခြေခံထားတာဖြစ်ပါတယ်။ ၁၀ ယောက်မှာ တရုတ်နိုင်ငံက ၇ဦး ၊ ဂျပန်က ၂ဦး နဲ့ အိန္ဒိယက ၁ဦးတို့ ပါဝင်ပါတယ်။ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေအကြောင်း ရေးတဲ့အခါ မြန်မာနိုင်ငံကရော မပါဘူးလားလို့ မေးကြလေ့ရှိပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာလည်း ဘီလျံနာတွေ မနည်းမနောရှိပေမယ့် ဘယ်သူက လုပ်ငန်းဘယ်လောက်ပိုင်ဆိုင်မှု စာရင်းရှိတယ် ဆိုတာ အခုလို အချက်အလက်တွေနဲ့ ချပြမထားတဲ့အတွက် ဖော်ပြဖို့ အဆင်မပြေလို့ ဖြစ်ပါတယ်။