အိန္ဒိယမှာ ကိုဗစ်ကူးစက်မှု ၇၈,၇၀၀ ကျော်တိုးလာပြီး တစ်ကမ္ဘာလုံးမှာ နေ့အလိုက် အများဆုံးစံချိန်တင်

Posted on

COVID-19 စတင်ချိန်မှ ယခုအထိ နိုင်ငံအားလုံးအနက် အိန္ဒိယက နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့ပါတယ်။အိန္ဒိယမှာ ယနေ့ (ဩဂုတ် ၃၀ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၇၈,၇၆၁ ဦး တိုးလာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ယခုအထိ နိုင်ငံအားလုံးအနက် အိန္ဒိယက နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခင် နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် ဇူလိုင် ၁၇ ရက်နေ့က အမေရိကန်မှာ ကူးစက်ခံရသူ ၇၇,၆၃၈ ဦး တိုးလာခဲ့ပြီး စံချိန်တင်ထားခဲ့ရာ ထိုအရေအတွက်ကို အိန္ဒိယမှာ ယခုတွေ့ရှိရတဲ့ ကူးစက်မှုအသစ် အရေအတွက်က ကျော်လွန်သွားခဲ့ကြောင်း AFP သတင်းက ပြောပါတယ် လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် COVID-19 ကူးစက်မှု တတိယအများဆုံး နိုင်ငံလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃.၅ သန်းကျော်ရှိပါတယ်။ အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေပေမဲ့ နိုင်ငံတစ်ဝန်း ခရီးသွားလာမှု ကန့်သတ်ချက်အချို့ကို လာမယ့် သီတင်းပတ်မှစပြီး ဖြေလျှော့ပေးသွားမယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယအစိုးရဟာ နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ စတင်ဖြစ်ပွားလာပြီးနောက် မတ်လမှ တစ်နိုင်ငံလုံးကို ပထမဆုံးအကြိမ် lockdown လုပ်ခဲ့ရာ အလုပ်အကိုင် သန်းနဲ့ချီ ဆုံးရှုံးခဲ့ကြရပြီး စီးပွားရေးထိခိုက်မှုတွေနဲ့အတူ ဖိအားများ ရင်ဆိုင်နေရပါတယ်။ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ဖျော်ဖြေရေး၊ အားကစားနဲ့ နိုင်ငံရေးအခမ်းအနားတွေမှာ လူ ၁၀၀ အထိ စုရုံးမှုတွေကို mask တပ်ခြင်းနဲ့ ခပ်ခွာခွာနေခြင်း သတ်မှတ်ချက်များဖြင့် စက်တင်ဘာလမှစပြီး ခွင့်ပြုသွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ထို့အတူ အဓိက မြိုကြီးတွေမှာ မြေအောက်ရထား ပြေးဆွဲမှုတွေ ပြန်လည်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ မွမ်ဘိုင်းနဲ့ နယူးဒေလီကဲ့သို့ အဓိက မြို့ကြီးတွေမှာ COVID-19 ကူးစက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပေမဲ့ ယခုအခါမှာတော့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ ကူးစက်မှုများ မြင့်တက်နေကြောင်း သိရပါတယ်။အိန္ဒိယအစိုးရရဲ့ စည်းမျဉ်းညွှန်ကြားချက်အသစ်များအရ ကျောင်းတွေနဲ့ ကောလိပ်တွေကို ဆက်လက် ပိတ်ထားမှာဖြစ်ပေမဲ့ လိုအပ်ပါက ကျောင်းသူကျောင်းသားတွေဟာ ကျောင်းအဆောက်အအုံအတွင်း ဆရာ ဆရာမများနဲ့ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ ၂.၇ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *