ပုံစံတူ တည်ဆောက်ထားတဲ့ လေယာဉ်တင် သင်္ဘော အတုကြီး တစ်စီးကို အီရန် ရေတပ်က ပင်လယ်ထဲ ဆွဲယူ နေရာချထားကြောင်း သိရပါတယ်။ ဒါဟာ အီရန် ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု စတင်တော့မယ်လို့ ယုံကြည်ရတဲ့ သဘောပါပဲ။ အဲဒီ လေယာဉ်တင် သင်္ဘော အတုကြီးဟာ အမေရိကန်ရေတပ်ရဲ့ နီမစ်ဇ် အဆင့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တစ်စီးရဲ့ ပုံစံမျိုး တည်ဆောက်ထားတာပါ။ အရင်က သင်္ဘောအတုကြီးကို ဆိပ်ကမ်းမှာ ကမ်းကပ်ထားပေမယ့် ဇူလိုင် ၂၇ ရက်မှာတော့ ဟောမုဇ် ရေလက်ကြားထဲကို ဆွဲယူပြီး နေရာချထားကြောင်း ဂြိုဟ်တု ဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ဆက်ဆံရေး တင်းမာနေတဲ့ လက်ရှိ ကာလမှာ ဒီသင်္ဘော အတုကြီးကို အသုံးပြုပြီး အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ရေတပ်ဖွဲ့က စစ်ရေး လေ့ကျင့်လာဖွယ် ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း အခုလိုပဲ ပုံစံတူ ရေငုပ်သင်္ဘော အတုကြီး တစ်စီးကို အီရန် ရေတပ်က စစ်ရေးလေ့ကျင့်ပြီး နှစ်မြှုပ်ပြခဲ့ဖူးပါတယ်။
ဘာရိန်းမှာ အခြေစိုက်တဲ့ အမေရိကန် အမှတ် ၅ ရေတပ်ဖွဲ့ကတော့ အီရန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အီရန်က ဖန်တီးထားတဲ့ လေယာဉ်တင် သင်္ဘော အတုကြီးပေါ်မှာ လေယာဉ်အတု ၁၆ စီး တင်ဆောင်ထားပြီး ပေ ၆၅၀ အလျားရှည်ပြီး ပေ ၁၆၀ လောက် အနံ့ရှိပါတယ်။ အမေရိကန်ရဲ့ Nimitz အဆင့်အတန်း လေယာဉ်တင် သင်္ဘောကြီးတွေကတော့ ပေပေါင်း ၉၈၀ လောက်ရှည်ပြီး အနံ ၂၄၅ ပေ အတိုင်းအတာလောက် ရှိနေကြောင်း သိရပါတယ်။