အီကွေဒေါနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူတို့ ၏ ရုပ်အလောင်းများကို လိုက်လံရှင်းလင်းနေရ

Posted on

အီကွာဒေါနိုင်ငံရှိ ဂွာယာကွီးလ်(Guayaquil)မြို့၏ လမ်းဘေးနေရာများမှ COVID-19 ကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံသိမ်းဆည်းရှင်းလင်းနေရကြောင်း သိရသည်။ ကမ်းခြေမြို့တစ်ခုဖြစ်သော ဂွာယာကွီးလ်မြို့၏ လမ်းဘေးနေရာများတွင် ရုပ်အလောင်း ၁၅၀ ထက်မနည်း ရောက်ရှိနေခြင်းကို ထိုသို့ သိမ်းဆည်းရှင်းလင်းရခြင်းဖြစ်သည်။

COVID-19 ကြောင့် သေဆုံးသူတို့၏ ဓာတ်ပုံများ၊ ရုပ်အလောင်းပုံများ၊ ဗီဒီယိုဖိုင်များကို အီကွာဒေါပြည်သူတို့က လူမှုကွန်ရက်တွင် တင်ကြသဖြင့် သမ္မတ အော့တို ဆွန်နန်ဟိုလ်ဇာက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မေတ္တာရပ်ခံတောင်းပန်ခဲ့ရသေးသည်။ယခု လမ်းဘေးမှ ရုပ်အလောင်းများအတွက် စေတနာရှင်တို့က ကပ်ထူဘူး အသုဘခေါင်း ၁၀၀၀ ကိုလှူဒါန်းခဲ့ကြပြီး သချိုင်း ၂ ခုတွင် ခွဲ၍ သဂြိုဟ်ခဲ့ကြရသည်။

”မြို့မှာ အသုဘခေါင်းမရှိတော့တာလဲပါမယ်။ နောက်ပြီး ရှိရင်လဲ အင်မတန်ဈေးကြီးတာကြောင့်လဲဖြစ်မယ်”ဟု ဂွာယာကွီးလ်မြို့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။”ကပ်ထူဘူး အသုဘခေါင်းတွေလှူဒါန်းခြင်းဟာ တကယ်ကိုကြီးမားတဲ့ ပံ့ပိုးကူညီမှုပါပဲ”ဟု ဂွာယာကွီးလ်မြို့တော်ဝန်က သူ၏ တရားဝင်တွစ်တာအကောင့်မှနေ၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။အီကွာဒေါနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားပြီးဖြစ်ကာ ညမထွက်ရအမိန့်ကိုလည်းထုတ်ပြန်ထားသည်။

သိရှိရသော အချက်အလက်များအရ အီကွာဒေါနိုင်ငံတွင် COVID-19 ကူးစက်ခြင်းခံရသူ ၃၆၄၆ ဦးရှိပြီဖြစ်ကာ၊ သေဆုံးသူ ၁၈၀ ရှိပြီး၊ ပျောက်ကင်းသူ ၇၃ ဦးရှိသည်။အီကွာဒေါနိုင်ငံသည် တောင်အမေရိကတိုက်မှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဧရိယာ ၁၀၉၄၈၄ စတုရန်းမိုင်ကျယ်ဝန်းကာ လူဦးရေ ၁၇ သန်းကျော်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *