အမေရိကန် အမျိုးသမီးအသင်း နယ်သာလန်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ၄ ကြိမ်မြောက် ဗိုလ်စွဲ (ရုပ်သံ)

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် အမျိုးသမီးအသင်းဟာ ၈ ကြိမ်မှာ ၄ ကြိမ်မြောက် ချန်ပီယံဆုကို ထပ်မံရရှိခဲ့ပါတယ်။

အမေရိကန် အမျိုးသမီးအသင်းဟာ နယ်သာလန်အသင်းကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လိုအပ်နေတဲ့ အမေရိကန် အမျိုးသမီးအသင်းဟာ ထိုင်းအသင်းနဲ့ စတင်ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်ကနေစလို့ နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲအထိ ၆ ပွဲဆက်တိုက် အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာ နယ်သာလန် နောက်ခံလူ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းတဲ့အတွက် ပယ်နယ်တီပေးခဲ့ရပြီး အမေရိကန်အသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။

အဲဒီပယ်နယ်တီကို အမေရိကန်တိုက်စစ်မှူး ရက်ပီနိုးက အမှားအယွင်းမရှိ ကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

အမေရိကန် အမျိုးသမီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ ကွင်းလယ်လူ လာဗဲလ်က တကိုယ်တော် ထိုးဖောက်ပြီး အပြင်းကန်သွင်း ရယူပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ အမေရိကန် တိုက်စစ်မှူး ရက်ပီးနိုးဟာ အသက် ၃၄ နှစ် ရှိပြီဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ အသက်အကြီးဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို အမျိုးသမီး ကမ္ဘာ့ဖလားမှာ ၃ ကြိမ်ဆက် ကစားသူလည်း ဖြစ်လာပါတယ်။

အမျိုးသားပရိသတ်တွေရဲ့ တခဲနက်အားပေးမှု ရလေ့ရှိတဲ့ တိုက်စစ်မှူး အဲလက်စ်မော်ဂန်ကတော့ ငွေဖိနပ်ဆု ရရှိခဲ့သလို တပွဲတည်း ၅ ဂိုးသွင်းတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

Show Buttons
Hide Buttons