အခြားဒေသများသို့ ခရီးသွားပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများ မိသားစုဝင်များရှိပါက တိုင်ကြားသတင်းပေးရန် သမ္မတရုံး ထုတ်ပြန်

Posted on

နေပြည်တော်မှ ဝန်ထမ်းများအနေဖြင့် မိမိတို့ အိမ်ရာနှင့် အိပ်ဆောင်များကို ညွှန်ကြားချက်ကို မလိုက်နာဘဲ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေပြည်တော်ပြင်ပ အခြားဒေသများသို့ ခရီးသွားပြီး ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များရှိပါက [email protected] သို့ email ဖြင့် တိုင်ကြားသတင်းပေးခြင်းဖြင့် COVID-19 ရောဂါကာကွယ်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ကူးစက်ခံရနိုင်သည့်အတွက် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးကို အရေးကြီးကိစ္စရပ်များ (နာရေး) မှအပ ခရီးသွားလာခြင်းအား ခွင့်မပြုရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ရုံးပိတ်ရက်ရှည်ကာလမှာ တာဝန်ရှိသူတွေထံ တင်ပြခြင်း မရှိဘဲ သွားလာနေကြတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် သွားရောက်ခဲ့ခြင်း ရှိ-မရှိ အမှန်အတိုင်းတင်ပြဖို့၊ လိုအပ်ရင် သွားခဲ့တဲ့ ဝန်ထမ်းတွေကို Facility Quarantine ထားဖို့၊ အမှန်အတိုင်း မတင်ပြရင် ဝန်ထမ်းစည်းမျဉ်းနဲ့အညီ အရေးယူဖို့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက (၁၆-၄-၂၀၂၀) ရက်နေ့မှာ ဝန်ကြီးဌာန အားလုံးကို ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ စာထွက်ချိန်မှာပဲ တစ်ချို့ဝန်ထမ်းတွေ သတင်းမပို့ဘဲ သွားကြလာကြတဲ့ဖြစ်စဉ်တွေကို သီးခြားလမ်းကြောင်းတွေကနေ တိုင်ကြားလာပါတယ်။ အဆောင်အတူနေ၊ အိမ်ယာအတူနေကြ သူတွေ အချင်းချင်း ဘယ်သူ၊ ဘယ်တုန်းက၊ ဘယ်ကို ထွက်သွားတယ်၊ ပြန်လာကြတယ် ဆိုတာကို သိကြတယ် လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနတွေမှာ အမှန်အတိုင်း တင်ပြခြင်း မရှိခဲ့ရင်၊ COVID-19 ကူးစက်နိုင်ခြေရှိတဲ့ အလားအလာတွေကို အချိန်မီ ကာကွယ် တားဆီး စစ်ဆေးနိုင်ဖို့အတွက် တိုင်ကြားနိုင်တဲ့ အီးမေးလ် ကို ကြေညာရခြင်း ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (ဧပြီ ၁၈ ရက်) မွန်းလွဲပိုင်းတွင် သမ္မတအိမ်တော် သတင်းထောက်များအား ဖြေကြားသည်။

 

အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဝန်ထမ်းတစ်ဦးဦး ရောဂါကူးစက်ခြင်း ခံရပါက ၎င်းမှတစ်ဆင့် ရုံးဌာနအတွင်းရှိ အခြားဝန်ထမ်းများသို့ ဆက်လက်ကူးစက်ပြီး ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်မည့် အခြေအနေဖြစ်ပေါ်လာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *