အွန်လိုင်းမှတစ်ဆင့် စမတ်ဖုန်းဝယ်ခဲ့ရာမှ တစ်ရှူး(၂)ထုပ်ပဲ လက်ခံရရှိခဲ့တဲ့ အမျိုးသား

အွန်လိုင်းအသုံးပြုသူတွေ တနေ့တခြား တိုးပွားလာနေတာနဲ့အမျှ အွန်လိုင်းရှော့ပင်းတွေကလည်း အတော်ကိုခေတ်စားလာပါတယ်။ အပြင်ထွက်ခြေညောင်းခံပြီး လျှောက်သွားစရာမလိုပဲ ဖုန်းကလေးတစ်လုံးရှိရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို လွယ်ကူစွာ မှာယူနိုင်လို့ရနေပါပြီ။

တခါတလေ ကိုယ်ကပစ္စည်းမှာ၊ ငွေကြိုတင်ပေးပြီးကာမှ တကယ်တမ်း အိမ်ရောက်လာတော့ မှာထားတဲ့ပစ္စည်းနဲ့မတူပဲ တလွဲတွေဖြစ်နေတာလည်း ကြုံဖူးသူတွေရှိမှာပါ။ အခုတွေ့ရမယ့် အမျိုးသားရဲ့အွန်လိုင်းရှော့ပင်းအလွဲကတော့ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာပါ။ မလေးရှားနိုင်ငံနေ အမျိုးသားတစ်ယောက်ဟာ အရှေ့တောင်အာရှတစ်လွှားမှာ ကျော်ကြားတဲ့ လာဇဒါကနေ စမတ်ဖုန်းတစ်လုံး မှာယူခဲ့ပါတယ်။ သူမှာယူခဲ့တဲ့ဖုန်းကတော့ ဒေါ်လာ(၈၃၀)တန် စမတ်ဖုန်းဖြစ်ပါတယ်။

ဒါပေမယ့် ပါဆယ်ပစ္စည်းရောက်လာတော့ စမတ်ဖုန်းအစား တစ်ရှူးစက္ကူအစို(၂)ထုပ်သာဖြစ်နေတာကြောင့် ချက်ခြင်းပဲရဲတိုင်ခဲ့ပါတယ်။ ရဲမှတ်တမ်းမှာ ဖော်ပြထားပုံအရ ပါဆယ်ထုပ်ဟာ ဒီဇင်ဘာ(၁၆)ရက်ကနေ ဒီဇင်ဘာ(၂၀)အတွင်း ရောက်ရှိဖို့ဖြစ်ပါတယ်။ ဒါပေမယ့်ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ပါဆယ်ရောက်လာပြီး ထိုအမျိုးသားရဲ့အကိုဖြစ်သူက ပါဆယ်ထုပ်ကိုလက်ခံခဲ့ပါတယ်။ အကိုဖြစ်သူပြောပုံအရ ပါဆယ်ဟာ ခါတိုင်းပို့နေကျလုပ်ငန်းသုံး ဗင်ကားနဲ့မဟုတ်ပဲ ရိုးရိုးအဖြူရောင်ကားတစ်စီးနဲ့သာ လာပို့ခဲ့တယ်လို့သိရပါတယ်။

ဒေါ်လာ(၈၀၀)တန် စမတ်ဖုန်းမှာထားပြီး တစ်ရှူးတွေသာပို့ခဲ့တဲ့ လာဇဒါကို အဆိုပါအမျိုးသားက ချက်ခြင်းပဲဆက်သွယ်ပြီး ပြန်အမ်းငွေတောင်းခဲ့ပါတယ်။ ဒါပေမယ့် (၂)လကြာတဲ့အထိ လာဇဒါက တစ်စုံတစ်ရာအကြောင်းမပြန်ခဲ့ပါဘူး။ ဒီနောက်မှာ ထိုအမျိုးသားက ဆိုရှယ်မီဒီယာကနေ မလေးရှားလာဇဒါစီ အီအိုးဆီသို့ပေးစာဆိုပြီး ပို့စ်တင်ကာ သူ့အဖြစ်အပျက်ကိုအွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။ ဒီတော့မှ လာဇဒါက သူ့ကို ဖေဖော်ဝါရီ(၂၅)ရက်နေ့က ပြန်အမ်းငွေထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

လာဇဒါရဲ့စီစီအို Cristophe Lejeune ကလည်း ပစ္စည်းမှာသူ ထိုအမျိုးသားနဲ့ လာရောက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခဲ့ကြောင်းနဲ့ အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ကြိုက်ပစ္စည်းကို အွန်လိုင်းကနေ၀ယ်ယူတာက အချိန်ကုန်သက်သာတဲ့အပြင် ပျော်စရာလည်းကောင်းပေမယ့် တကယ်လို့ကိုယ်ဝယ်မယ့်ပစ္စည်းက တန်ဖိုးကြီးနေတယ်ဆိုရင်တော့ သတိထားပြီးဝယ်ယူသင့်ကြောင်း အသိပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Source: elitereaders

Leave a Reply

Your email address will not be published. Required fields are marked *