ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသည့် ဧရာဝတီဘဏ် ဝန်ထမ်းများကို ဧရာဝတီဘဏ်၏ ဥက္ကဋ္ဌ၊ ဦးဇော်ဇော်က လိုအပ်ချက် အခက်အခဲ ရှိ၊ မရှိ မေးမြန်းခဲ့ပြီး တစ်ဦးချင်းအားပေးစကားပြောကြားခဲ့သည်။စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးဇော်ဇော်က Zoom Meeting ဖြင့် အားပေးစကားပြောကြားပြီး အမြန်ဆုံး ပြန်လည် ကျန်းမာလာစေရန် ဆုတောင်းပေးခဲ့သည်။
“ကုသရေးစင်တာဆိုသည်မှာ ကုသမှုတစ်ခုတည်း မဟုတ်ကြောင်း၊ ရောဂါအား ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာများအား စင်တာတွင်ထားရှိပြီး ပြင်ပတွင်မပြန့်ပွားစေရေးတွက် ထိန်းချုပ် ထားခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ကုသရေးစင်တာများတွင် လာရောက်ပြီး စိတ်ဓာတ်ခိုင်ခိုင်ဖြင့် ကြိုးစားဖြတ်သန်းခြင်းက အများကိုလည်း ရောဂါမကူးဖို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်သည့်အပြင် ကုသိုလ်လည်းရပါကြောင်း” ဦးဇော်ဇော်က ပြောကြားခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ၇ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သည့် ဧရာဝတီစင်တာတွင်လည်း ကိုဗစ်-၁၉ လူနာများကို လက်ခံကုသပေးနေပြီဖြစ်ပြီး လူနာများ ထပ်မံလက်ခံနိုင်ရန် တိုးချဲ့မှုများ ပြုလုပ်နေသည်။ဧရာဝတီစင်တာမှာ ယခုမှ စတင်လုပ်ကိုင်သည့်အတွက် လိုအပ်မှုတစ်စုံတစ်ရာရှိပါက အုပ်ချုပ်မှုတာဝန်ရှိသူများကို အချိန်မရွေး ပွင့်လင်းစွာ ဆက်သွယ်ပြောကြားရန် ကုသမှုခံယူလျက်ရှိသည့် ဝန်ထမ်းများကို ဦးဇော်ဇော်က တိုက်တွန်းမှာကြားခဲ့သည်။