ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၂ရပ်ကွက် ၊ မာဃ ၆ လမ်း နေထိုင်သူ ကိုဗစ်အတည်ပြုလူနာ အမှတ် ၅၀၆ နှင့် ဆက်စပ်ထိတွေ့သူ ၁၅ ဦးကို ရွှေပြည်သာကွန်ပျူတာသက္ကသိုလ် ကွာရတင်းစင်တာသို့ ပို့ဆောင်ထားကြောင်း ၁၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြည်မြန်မာကို ပြောသည်။အသက် ၃၂နှစ်အရွယ်ရှိ အဆိုပါ ကိုဗစ်လူနာအမှတ် ၅၀၆ အမျိုးသားသည် သင်္ဘောတက်ရန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ကိုဗစ်အည်ပြုလူနာအဖြစ် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ယနေ့(သြဂုတ်လ ၂၆ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
” သူနေတဲ့ တိုက်က ၁၄ ဦးကို ဒီနေ့ ညနေပိုင်းမှာ ကွာရတင်းစင်တာကို ပို့လိုက်ပါပြီ။ အားလုံးက သူနေတဲ့တိုက်က သူတွေချည်းပါပဲ။ တိုက်ခန်းက ခြောက်ခန်း ရှိပါတယ် ” ဟု ဦးခင်ဇော်က ပြောသည်။အဆိုပါလူနာအမှတ် ၅၀၆သည် တောင်ဥက္ကလာပမြို့နယ် ၅ရပ်ကွက်ရှိ မိသားစုပိုင် အရက်ဆိုင်တွင် အလုပ်လုပ်ခဲ့သောကြောင့် ထိုဆိုင်မှ မန်နေဂျာတစ်ဦးကိုလည်း ကွာရတင်းစင်တာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း နှင့် ယခုရက်ပိုင်းအတွင်း၌ ထိုအရက်ဆိုင်တွင် အရက်သွားသောက်မိခဲ့သော ပြည်သူသုံးဦးမှာလည်း အသိစိတ်ဖြင့် ၄င်းတို့ သဘောဆန္ဒအလျောက် အသိပေး အကြောင်းကြာလာကြောင်း ၅ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲမြင့်က ပြည်မြန်မာကို ပြောသည်။
” အဲ့အရက်ဆိုင်က မန်နေဂျာဆိုတဲ့ အမျိုးသမီးကတော့ ၄ရပ်ကွက်မှာ သွားခေါ်ပြီး ပို့လိုက်ပြီ။ ကျွန်တော်တို့ ဒီမှာက ပင်းယ ၁၃လမ်းမှာက အဲ့ဆိုင်မှာ ဒီရက်ပိုင်း အရက်သွားသောက်မိတဲ့သုံးယောက်က သူတို့ အသိစိတ်ဓာတ်နဲ့ လာပြီးသတင်းပို့တယ် ” ဟု ယင်းကပြောသည်။မိမိတို့အသိစိတ်ဓာတ်ဖြင့် သတင်းလာပို့သူသုံးဦးကို ယနေ့ညတွင် ၄င်းတို့၏နေအိမ်တွင်ပင် အနေအထိုင် ဆင်ခြင်၍ နေထိုင်ထားခိုင်းပြီး နောက်နေ့မနက်တွင် ကျန်းမာရေးဌာနတွင် သွားရောက် အစစ်ဆေးခံရန် ပြောဆိုထားကြောင်း ဦးရဲမြင့်က ပြောသည်။