တောင်းစားရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့တဲ့ သူတောင်းစားသူဌေးကြီးများ

တောင်စားတဲ့သူအချင်းချင်းမှာတောင် ကုသိုလ်ကံက မတူညီပါဘူး။ တစ်ချို့က ပိုက်ဆံအရနည်းတယ်၊ တစ်ချို့က မိသားစုစားရုံလောက်ကလေး ရတတ်ပြီး၊ တစ်ချို့ကတော့ ပိုက်ဆံတွေ အများကြီးရပြီး ဘဏ်တွေဘာတွေထဲမှာ လူမသိသူမသိ ငွေသန်းနဲ့ချီ အပ်ထားနိုင်တဲ့ အဆင့်မြင့်သူတောင်စားတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ Talent ကြောင့် ဝင်ငွေရသွားတာလည်း ရှိပါတယ်။ ကံအကောင်းဆုံး သူတောင်းစားတွေ ဘယ်သူဖြစ်မလဲ ရှုစားရအောင်ဗျာ။

(၁) Ted Williams

Ted ဟာ အလွန်ဆင်းရဲနွမ်းပါးတဲ့ အိမ်ယာမဲ့ မိသားစုကို ဦးဆောင်နေသူဖြစ်ပါတယ်။ စားရေးသောက်ရေး ခက်ခဲလာသည်နှင့်အမျှ ငွေလွယ်ပေါက်ဖြစ်တဲ့ လမ်းဘေးမှာ ထိုင်ပြီး တောင်းရမ်းစားသောက်ခြင်းနဲ့ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပါတယ်။ အမေရိကန် အိုဟိုင်းယိုးနယ်တစ်လျှောက်မှာ တောင်းရမ်းရင်း သူ မရောက်ဖူးတဲ့နေရာ မရှိခဲ့ပါဘူး။

 

သူ့ကို ကံကောင်းစေခဲ့တာက သူ့ရဲ့ သီချင်းဆို ကျွမ်းကျင်မှုနဲ့ တူရိယာစုံ တီးခတ်နိုင်စွမ်းပါ။ နောက်ပိုင်းမှာ သတင်းထောက်တွေ ရိပ်မိသွားခဲ့ပြီး၊ သူ့ရဲ့ သီချင်းဗွီဒီယိုတွေလည်း YouTube မှာ လူကြိုက်များခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဘက်ကို ရောက်သွားခဲ့ပြီး၊ သန်းကြွယ်သူဌေးဘဝကို ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ကို ရွှေရောင်အသံပိုင်ရှင်လို့တောင် တင်စားကြပါတယ်။

(၂) Rongfeng

ကံအကာင်းဆုံး တောင်းစားသူတွေထဲမှာ ဒုတိယနေရာက ရပ်တည်နေတဲ့ သန်းကြွယ်သူဌေးကတော့ Rongfeng ပါဘဲ။ သူကတော့ တရုတ်နိုင်ငံသားဖြစ်ပြီး၊ အလွန်ဆင်းရဲတဲ့ မိသားစုကို ကူညီဖို့ မြို့ကို အလုပ်တက်ရှာခဲ့ပါတယ်။ ဒါပေမယ့် ပပါလာတဲ့ ငွေတစ်ချို့သာ ကုန်သွားပြီး ဘာမှမကျန်ချိန်ထိ အလုပ်မရခဲ့လို့ လမ်းပေါ်မှာအိပ်၊ လမ်းပေါ်မှာစား၊ ခရီးသွားတွေ ပေးကမ်းစွန့်ကြဲခဲ့တဲ့ အဖိုးအခလေးတွေနဲ့ ရသလို ရပ်တည်ခဲ့ရသူပါ။ ထိုစဉ်က အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။

ဒါပေမယ့် Rongfeng ဟာ သူရဲ့ဇနီးဖြစ်လာမည့် ခေါက်ဆွဲဆိုင်ပိုင်ရှင် Dai Xingfen အမည်ရ ကောင်မလေးနဲ့ ဆုံတွေ့နိုင်ခဲ့ပါတယ်။ Dai ဟာ သူ့ကို မြင်မြင်ချင်း မေတ္တာသက်ဝင်သွားခဲ့ပြီး၊ သွားဖို့လာဖို့ စာရိတ်နဲ့ ခေါက်ဆွဲဒါန နေ့စဉ်ပြုခဲ့ပါတယ်။ ဒီလိုနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။ Rongfeng ဟာ နောက်ပိုင်းမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်ခဲ့ပြီး Dai နဲ့လည်း လက်ထပ်နိုင်ခဲ့ပါတယ်။ အခုဆို သန်းကြွယ်သူဌေးအဖြစ် ရပ်တည်နေနိုင်ပါပြီ။

(၃) Simon Wright

Simon ဟာ အလွန်နွမ်းပါးသူဖြစ်ပြီး၊ အိမ်ယာမဲ့တစ်ယောက်ပါ။ သူလည်း တောင်းစားသူဘဝ ရောက်ခဲ့ပြီး၊ ကံအကောင်းဆုံး တောင်းစားသူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ သူဟာ တစ်နှစ်ကို တောင်းရမ်းရရှိငွေ ဒေါ်လာ(၅)သောင်းအထိ ပျမ်းမျှရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့နေရပ် Abso က တောင်းစားသူတွေ မောင်းထုတ်ခဲ့ရာ လန်ဒန်အနောက်တောင်ပိုင်း Putney ကို ပြောင်းရွှေ့တောင်းရမ်းခဲ့ရပါတယ်။ အခုဆို Simon ဟာ ပေါင် (၃)သိန်းတန် နေအိမ်နဲ့ ဖူဟမ်မှာ အခြေချနေပါပြီ။

(၄) Eisha

ငယ်စဉ်ကတည်းက လမ်းဘေးမှာ ကြီးပြင်းခဲ့ရတဲ့ Eisha ဟာ သူမရဲ့ ဘဝတစ်လျှောက်လုံး တောင်းရမ်းခြင်းနဲ့ပဲ လမ်းမတွေပေါ်မှာ အချိန်ကုန်ခဲ့ရပါတယ်။ ဆော်ဒီနိုင်ငံမှာ သက်တမ်းအရင့်ဆုံး တောင်းစားသူလို့တောင် ပြောလို့ရပါတယ်။ အသက် (၁၀၀)အရွယ်မှာ သေဆုံးခဲ့ပြီး၊ သူ့မရဲ့ပိုင်ဆိုင်မှုကို နောက်ကြောင်းလိုက်တဲ့အခါ ဒေါ်လာသန်းချီ ကျန်ရစ်ခဲ့တယ်ဆိုတာ ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ၊ အိမ်အကြီးကြီး လေးလုံးနဲ့ ဒေါ်လာတစ်သန်းလောက် တန်ကြေးရှိမယ့် ရတနာပစ္စည်းနဲ့ ရွှေဒင်္ဂါးပြားတွေ ကျန်ရစ်ခဲ့ပါတယ်။

(၅) Bharat Jain

အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး တောင်းစားသူလို့တောင် သတ်မှတ်ခံခဲ့ရသူပါ။ သူကလည်း ငွေရေးကြေးရေး မပြေလည်ရာက လမ်းမပေါ်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ရူပီးသိန်းချီ စုဆောင်းနိုင်ခဲ့ပါတယ်။ 1 BHK အဆောက်ဦနှစ်ခု ပိုင်ဆိုင်ခဲ့ပြီး၊ ရူပီး သိန်း(၈၀) တန်ပါတယ်။ စတိုးဆိုင်ဖွင့်ဖို့ မြေနေရာ ငှားရမ်းနိုင်ခဲ့ပြီး၊ ထိုမြေငှားလုပ်ငန်းက တစ်လကို ရူပီး(၁)သောင်း ဝင်ပါတယ်။ သူဟာ တစ်လကို ရူပီး (၇)သောင်းခွဲ ဝင်ငွေရှိပြီး၊ မွန်းဘိုင်းမြို့မှာ ဇိမ်ခံအိမ်ငယ်တစ်ခု ဝယ်ယူနိုင်ခဲ့ပါတယ်။

(၆) Krishna Kumar Gite

အိန္ဒိယရဲ့ နောက်ထပ်အချမ်းသာဆုံး တောင်းစားသူကတော့ Gite ပါ။ သူကလည်း Nallasopara မှာ အဆင့်မြင့်လူနေတိုက်ခန်းတစ်ခု ဝယ်ယူနိုင်သည်အထိ ချမ်းသာခဲ့ပြီး၊ သူရဲ့ တစ်နေ့တာ တောင်းရမ်းရရှိငွေက ရူပီး (၂၀၀၀) ရှိတယ်လို့ သိရပါတယ်။ ဒီဝင်ငွေဟာ အိန္ဒိယပညာတက် အလုပ်ကောင်း ဝန်းထမ်းတွေထက် သာလွန်နေတဲ့ ပမာဏပါ။

(၇) Sambhaji Kale

Kale ကလည်း အိန္ဒိယနိုင်ငံ၊ Virar အခြေပြု တောင်းစားသူတစ်ဦးပါ။ သူဟာ ရရှိလာတဲ့ပိုက်ဆံတွေကို ရင်းနီးမြှုပ်နှံမှု ကောင်းစွာ လုပ်နိုင်ခဲ့ပြီး၊ သူနေထိုင်ရာမြို့မှာ လူနေတိုက်ခန်းတစ်ခု၊ Solapur မှာ အိမ်နှစ်လုံးနဲ့ အငှားချထားတဲ့ မြေဧက တော်တော်များများကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူကလည်း တစ်ရက် တောင်းရမ်းရရှိငွေ ရူပီး (၁၀၀၀)အောက် မရောက်ပါဘူးတဲ့။

(၈) Sarvatia Devi

Sarvatia Devi ကလည်း အိန္ဒိယနိုင်ငံ၊ Patna အခြေစိုက် တောင်းစားသူတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Ashok Cinemas အနီးမှာ အိမ်ကောင်းကောင်းတစ်လုံး ဝယ်ယူနိုင်ခဲ့ပြီး၊ အဆင့်မြင့်လူနေမှုဘဝနဲ့ နေထိုင်နိုင်ခဲ့ပါတယ်။ နှစ်စဉ် အာမခံကြေး ရူပီး (၃၆၀၀၀)အထိ သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

(၉) Corey

Corey ကတော့ အမေရိကန်နိုင်ငံသားပါ။ သူကလည်း ဘယ်လိုမှ ငွေရေးကြေးရေး အဆင်မပြေလို့ တောင်းရမ်းစားသောက်ခဲ့ရပါတယ်။ သို့ပေမယ့် ကံကောင်းတာက သူဟာ တစ်ရက်ဝင်ငွေ ဒေါ်လာ (၁၀၀)ဝန်းကျင် ရှိခဲ့ပြီး၊ နောက်ပိုင်းမှာ မိသားစုအတွက် ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူက တောင်းမစားတော့ပါဘူး။ လှည်းငယ်တစ်စီးနဲ့ လမ်းမပေါ်မှာ သတင်းစာ လှည့်လည်ရောင်းချနေပါတယ်။

(၁၀) အမည်ဖော်ပြထားခြင်းမရှိတဲ့ အိန္ဒိယတောင်းစားသူ

အသက်သေဆုံးသွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံက တောင်းစားသူ တစ်ဦးကတော့ သူ ဘယ်လိုနေထိုင်စားသောက်ရတယ်ဆိုတာ လူတွေက သိပ် စိတ်ဝင်စားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သူကတော့ တောင်းစားရင်းနဲ့ ငွေကို ချိုးခြံစွာ စုဆောင်းခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ ငွေစုစာအုပ်တွေများစွာ တွေ့ရှိခဲ့ရပြီး ငွေတွေဘယ်လောက်ရှိသလဲ လိုက်လံစစ်ဆေးလိုက်တဲ့အခါ ရူပီး (၂)သန်းကျော် ဖြစ်နေပါတယ်။ ဒါဟာ အာဏာပိုင်တွေကို မျက်ခုံးပင့်သွားစေတဲ့ ပမာဏ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : smartearningmethods.com

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *