တေးသံရှင် ကေကေမိုး နေထိုင်ရာ တိုက်ခန်းဝန်းကျင်တစ်လျှောက် Lock Down ချမှတ်ခံရ

Posted on

တေးသံရှင် ကေကေမိုးမှ သူကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှတစ်ဆင့် သူ့ရဲ့နေအိမ်တိုက်ခန်း ၀န်းကျင်တစ်လျှောက်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ Lock Down ချမှတ်လိုက်ကြပြီဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

အခုလို Lock Down ချမှတ်ခံရခြင်းအကြောင်းကတော့ ကေကေမိုးဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူဖြစ်ပြီး အဆိုပါနေရာဟာ ဒီကနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့တဲ့ Covid-19 ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၈၆ နေထိုင်ခဲ့ရာဖြစ်တဲ့အတွက်ကြောင့် တာဝန်ရှိသူများမှာ အဆိုပါတိုက်ခန်းတွေမှာနေထိုင်ကြသူ အားလုံးကို အိမ်အပြင် လုံးဝမထွက်ကြဖို့အတွက် တားမြစ်ခဲ့ခြင်းဖြစ်တယ်​လို့သိရပါတယ်​။

“မနေ့က ဖထီးဆုံးသွားပြီ။ ကျွန်မတို့တိုက် Lock Down “ဆိုတဲ့စာသားလေးရေးသားက ဒီနေ့ နံနက်ပိုင်းကအသိ ပေးခဲ့သလို “မိမိမှစ မိမိပတ်ဝန်းကျင်ကိုကာကွယ်ပေးကြပါ။ အားလုံးကို ကေကေ တစ်ခုလောက်ပြောပါရစေ။ ဒီရောဂါကြီးကရှက်စရာလည်းမဟုတ်ပါ။ ကြောက်စရာလည်းမဟုတ်ပါ။ အဓိကက အနည်းဆုံး ကိုယ်ကနေ တဆင့် တခြားလူကို ပိုးမကူးစက်နိုင်အောင်ရောဂါ မပြန့်ပွားအောင်အတတ်နိုင်ဆုံးဆင်ခြင်ပေးရမှာပါ။ဟိုနေ့ ကေကေတင်ခဲ့တဲ့ ကေကေတို့တိုက်က အဖြစ်ပျက်ကိုပြန်ပြောရမယ်ဆိုရင် ပိုးရှိသူကသူသွားခဲ့တာပွင့်ပွင့်လင်း လင်းမပြော ကိုယ်တွေမေးမှသိခွင့်ရခဲ့တယ်။ ဘယ်သူ့ကိုမှအပြစ်ပြောခြင်းမဟုတ်ပါ။ ပူးပေါင်းပါဝင်စေချင်တာပါ။

အခုလိုပူးပေါင်း မပါဝင်ဘဲ ကိုယ်ဘာသာကြိတ်ကုနေခြင်းအကျိုးဆက်ဟာ အဲဒီအိမ်ကအသက်ရွယ်ကြီးရင့်တဲ့ အဘဟာ positive တဲ့။ ဘယ်လောက်သနားစရာကောင်းလဲ လူကြီးတွေပိုဆိုးတာက အိမ်ကလူနှစ်ယောက်ကို လဲအပြင် တစ်နေရာဆီပို့ထားကြပါတယ် အဲဒီတော့ သူတို့မှာသာပိုးရှိနေခဲ့ရင်…. သူတို့နဲ့အခုထိတွေ့နေရတဲ့သူ တွေရော။ စဉ်းစားလိုက်ရင် ဘယ်သူ့အတွက်မှမကောင်းပါနော်” လို့ တေးသံရှင် ကေကေမိုးမှ သူကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ အကြောင်းအချို့ကိုရေးသားကာ လူမှုကွန်ရက်အကောင့်ကနေဖော်ပြခဲ့ပါတယ်။

ဒီကနေ့နံနက်ပိုင်းက သေဆုံးသွားခဲ့ရတဲ့ လူနာအမှတ် ၈၆ ဟာ အသက် ၇၈ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ဖြစ်ပြီး ၄င်းမှာဆီးချိုရောဂါနဲ့သွေးတိုးရောဂါ အခံရှိတယ်လို့သိရကာ ဧပြီလ ၁၃ ရက်နေ့က ရောဂါလက္ခဏာ တွေစတင်ခံစားခဲ့ရတာကြောင့် ဧပြီလ ၁၅ ရက်နေ့က အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည်လူနာအဖြစ် ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ဧပြီလ ၁၇ ရက်နေ့က အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် Covid-19 ဓါတ်ခွဲအတည်ပြုပြီးချိန်မှာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲပြောင်းကာ အထူးကြပ်မတ်ကုသပေးခဲ့ပေမဲ့ ဒီကနေ့ ဧပြီလ ၁၈ ရက် နံနက်အစောပိုင်း ၂ နာရီ ၅၅ မိနစ် အချိန်က သေဆုံးသွားခဲ့တာလို့သိရပါတယ်။ အဆိုပါ လူနာအမှတ် ၈၆ သေဆုံးသွားရတဲ့အကြောင်းရင်းကတော့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရူလမ်းကြောင်းပျက်စီးခြင်း၊ သွေးတိုးရောဂါနဲ့အမျိုးအစား(၂) ဆီးချိုရောဂါအခံရှိခြင်း တို့ကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးနှင့်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဧပြီလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်ထိ မြန်မာ နိုင်ငံမှာ Covid-19 ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၉၄) ဦးရှိနေပြီဖြစ်ကာ သေဆုံးသူ ၅ ဦးရှိလာပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *