ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် မရမ်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး PPP ပါတီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှု ၄၀ ရာခိုင်နှုန်းအထိ ရွေးချယ်ထားကြောင်း ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ပြောဆိုသည်။“ဥက္ကဋ္ဌကတော့ ရန်ကုန်တိုင်းဒေသကြီး ၊ စည်ပင်နယ်နမိတ် ၃၃ မြို့နယ်ထဲက NLD ပါတီရဲ့ CEC တစ်ဦးဖြစ်တဲ့ ဒေါက်တာတစ်ဦးပြိုင်တဲ့ မြို့နယ်ကတော့ ဝင်ရောက် ယှဉ်ပြိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရေးယဉ်ကျေးမှုထားတဲ့အနေနဲ့ ကော့မှူး ၊ တာမွေ အစရှိတဲ့နေရာတွေမှာတော့ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး လုပ်ဖို့မရှိပါဘူး။ တာမွေအတွက်ဆိုရင် ကျွန်တော်တို့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လာရောက်တင်ပြလျှောက်ထားတဲ့သူ ရှိပေမယ့် ပြိုင်ဖို့မရွေးချယ်ခဲ့ပါဘူး။နို င်ငံရေးအရ ယဉ်ကျေးမှုထားတဲ့ သဘောပါ“ဟု ဦးကျော်ဇေယျက ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ကိုယ်စားလှယ်လောင်းများအနက် ဒေါက်တာဘွဲ့ရ ဝင်ရောက်ယှဉ်ပြိုင်သူ ၇ ဦးအထိရှိသည်။ ယင်းအနက်မှ စည်ပင်သာယာနယ်နမိတ်အတွင်း ဒေါက်တာဘွဲ့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူမှာ ငါးဦးပါဝင်သည့်အနက် NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်မှာ မရမ်းကုန်း မဲဆန္ဒနယ်ဖြစ်သည်။
PPP ပါတီသည် ရန်ကုန် ၃၃ မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာများ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ထို့ပြင် အဆိုပါတီအနေဖြင့် ရန်ကုန်တိုင်းရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ နှစ်နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးကျော်ဇေယျ နှင့် ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်သက်သက်ခိုင်တို့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဒဂုံမဲဆန္ဒနယ်တွင် အနိုင်ရခဲ့ကြသည်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင် NLD ပါတီ၏ တာဝန်များမှ ဆိုင်းငံ့ခံရပြီးနောက် ဒေါ်သက်သက်ခိုင်က PPP ပါတီကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။