ဂျူးနိုင်ငံ အစ္စရေးက အစ္စလာမ္မစ်သမ္မတ အီရန်နိုင်ငံကို ဆန့်ကျင်တဲ့ ဘယ်လို ရန်စလုပ်ဆောင်မှုမျိုးမဆို လက်ကျူးလာခဲ့ရင် အစ္စရေးမြို့တွေကို မြေပေါ် ပြားပြားဝပ်တဲ့အထိ ဖြိုချပစ်မယ်လို့ အီရန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သူ့ရဲ့ ခြိမ်းခြောက်သံကို ထပ်လောင်းဟစ်ကြွေးလာပြန်ပါတယ်။
အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို ဒီ နှစ်အစောပိုင်းက သုတ်သင်လိုက်တဲ့ နောက်ဆက်တွဲ တင်းမာမှုအနေနဲ့လည်း အမေရိကန်ရဲ့ စစ်ရေးလုပ်ရပ်တွေကို လက်တုံ့ပြန်သွားမယ်လို့တောင် ထိပ်တန်းတာဝန်ရှိသူ မိုဆန်ရီဇာအီက စောင်းပါးရိပ်ခြည် ပြောပါတယ်။
“ဇီယွန်(ဂျူး)တွေက နည်းနည်းလေး လှုပ်ရှားတာနဲ့ အစ္စရေးမြို့တွေကို ကျုပ်တို့ မြေပေါ် ဖြိုချပစ်မယ်။”လို့ အီရန်ရဲ့ အာဏာပြင်းတဲ့ အရေးပေါ်တုံ့ပြန်ရေးကောင်စီ အတွင်းဝန် ရီဇာအီက ကာတာက အယ်လ်ဂျာဇီးယားသတင်းဌာနနဲ့ ရုပ်သံအင်တာဗျူးမှာ ပြောဆိုခဲ့တာကို အရှေ့အလယ်ပိုင်း မီဒီယာသုတေသနစင်တာက တနင်္ဂနွေနေ့မှာ ဘာသာပြန် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အီရတ်မှာ ဇန်နဝါရီ ၃ ရက်က ဆိုလိုင်မာနီ သုတ်သင်ခံရတာနဲ့ ပတ်သက်လို့ ရီဇာအီက ပြောရာမှာ “အီရန်ဟာ ဒီ အရေးကို အမှတ်မထားဘူး။ အမေရိကန်ကို ဆွေးနွေးဖို့ လက်လှမ်းနေခဲ့တယ်။”လို့ ပြောပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ နောက်ထပ် အမှားလုပ်လာရင်တော့ အီရန်အနေနဲ့ လက်တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တယ်လို့ အစ္စရေးမြို့တွေကို သိသိသာသာ ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ရီဇာအီဟာ အီရန်ဥသျှောင် အယာတိုလက်ရှ်အလီခါမေနီရဲ့ ထိပ်တန်းအကြံပေးအဖြစ် စဉ်းစားခံထားရသူလည်း ဖြစ်ပါတယ်။
လူပေါင်း ၆၀ ဒဏ်ရာရကာ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့ အီရတ်က အမေရိကန်တပ်တွေနဲ့ စစ်လက်နက်တွေ တပ်ဆင်ထားရာ အိုင်းအယ်အာဆတ် လေတပ်စခန်းကို နောက်ဆက်တွဲ တိုက်ခိုက်မှု အီရန်က ဆင်နွှဲခဲ့ခြင်း ဖြစ်တယ်လို့လည်း ၎င်းက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
Rf; The Times of Israel
Writer_ မောင်သံဆင့် ( YGN Times )