နေရောင်က ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်ဆန်ဆန် ဖျက်ဆီးပစ်တယ်လို့ ကြာသပတေးနေ့က အမေရိကန် အကြီးတန်းတာဝန်ရှိတစ်ဦး ကြေညာတဲ့ သုတေသနသစ်အရ သိရပါတယ်။ဒါပေမယ့် အဆိုပါ သုတေသနပြုချက်ကို အများပြည်သူထံ မချပြသေးသလို အားကောင်းတဲ့ ရလဒ်ကိုလည်း စောင့်ရဦးမှာ ဖြစ်ပါတယ်။နေရောင်ဟာ ရောဂါပိုးအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှု ရှိတာကို အစိုးရသိပ္ပံပညာရှင်တွေ တွေ့ရှိရတာကြောင့် နွေကာလမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု လျော့ပါးသွားဖို့ မျှော်လင့်ရကြောင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာအကြံပေး ဝီလီယံဘာယန်းက ပြောပါတယ်။
“အခုထိ ကျွန်တော်တို့ရဲ့ အသိသာဆုံး စောင့်ကြည့်ချက်ကတော့ နေရောင်မှာ ပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်နှာပြင်တွေနဲ့ လေထုထဲက ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်ပုံရတာကို တော်တော်လေး ထိထိရောက်ရောက် သိရှိရတာပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။“ဒီအတူပဲ အပူချိန်နဲ့ စိုထိုင်းဆဟာလည်း အလားတူပဲ သက်ရောက်မှုရှိတာကို ကျွန်တော်တို့ မြင်တွေ့ရတယ်။ အပူချိန် ဒါမှမဟုတ် စိုထိုင်းဆ၊ ပြီးတော့ နှစ်မျိုးစလုံး မြင့်တက်တာဟာ ဗိုင်းရပ်စ်ရှင်သန်မှုကို အားပျော့စေတယ်။”လို့ ဘာယန်းက ဆိုပါတယ်။
ဒါပေမယ့် သုတေသနပြုချက်ကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ထုတ်ပြန်တာ မရှိသေးတာကြောင့် လွတ်လပ်တဲ့ ပညာရှင်တွေက အဲဒီ သုတေသနရဲ့ နည်းပညာဗေဒပိုင်းဟာ ဘယ်လောက်ထိ ခိုင်မာအားကောင်းသလဲဆိုတာ အကဲဖြတ်ဖို့ ခက်နေပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ မြုံစေနိုင်တယ်လို့ ရေရှည်သိထားတာ ဖြစ်တာကြောင့် ဗိုင်းရပ်စ်ရဲ့ မျိုးပွားကလာပ်စည်းတွေကို ဖြိုဖျက်ပစ်ပြီး ပြန့်ပွားစွမ်းကို ဖျက်ဆီးပစ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် အဓိက မေးခွန်းကတော့ လက်တွေ့ အသုံးချရာမှာ ခရမ်းလွန်ရောင်ခြည်ရဲ့ လှိုင်းအလျား ဘယ်လောက်နဲ့ ပြင်းအား ဘယ်လောက်မှ ဗိုင်းရပ်စ်ကို ဖျက်ဆီးပစ်နိုင်သလဲဆိုတာနဲ့ နွေကာလကလို သဘာဝကို တုပထားတဲ့ အလင်းရောင်မှာရော ဗိုင်းရပ်စ် သေစေနိုင်မလားဆိုတာက အဓိက မေးခွန်း ဖြစ်နေပါတယ်။