ပေါချောင်ကောင်းဈေးနဲ့ ရခဲ့တဲ့ တရုတ်ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော နောက်ကွယ်က ဇာတ်လမ်

Posted on

တရုပ်တို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော ဘယ်လို ရလာခဲ့သလည်း? လျောင်နင်းဆိုတဲ့ တရုပ်တို့ရဲ့ပထမဆုံး လေယာဉ်တင် သင်္ဘောဟာ အမေရိကန်ရဲ့ ဆူပါလေယာဉ်တင်သင်္ဘောတွေနဲ့တော့ ဘယ်လိုမှမတူနိုင်ဘူး ဆိုတာတော့ ခေါင်းထဲထည့်ထားပါ

အမေရိကန် Aircraft Carriers တွေဟာ တရုပ်တို့ထက်လေယာဉ်ပိုတင်ဆောင်နိုင်တယ် နျူကလီးယားပါဝါနဲ့မောင်းနှင်နိုင်တယ် တရုပ်ရဲ့ ရေနွေးငွေ့တာဘိုင် အင်ဂျင်တွေဟာ ပျက်လွယ်ရပ်လွယ်ပြီး

သူ့ရဲ့ဒီဇိုင်းအရ ski-jump ကုန်းပတ်ပြုလုပ်ထားခြင်းဟာ သင်္ဘောကို လောင်စာဆီနဲ့လေယာဉ်တွေတင်ဆောင်နိုင်မှုမှာ အတော်လေးကန့်သတ်ချက်ရှိသွား ပါတယ်

ဘယ်လိုပဲပြောပြောပါ တရုပ်တို့အနေနဲ့ကတော့ လေယာဉ်တင်စစ်သင်္ဘောတည်ဆောက်ရေး အတွက် အခွင့်အလမ်းတစ်ခု ရလာစေတဲ့အပြင် အဆင့်တဆင့်ကိုခုန်ကူးနိုင်စေခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ခဲ့တာကတော့အမှန်ပါပဲ

၂၀၁၂ မှာသူတို့ရဲ့ပထမဆုံးသောလေယာဉ်တင် သင်္ဘော ” လျောင်နင်း” ကို ရေချနိုင်တဲ့ အပေါ်တရုပ်တွေဟာ သိပ်ကိုဂုဏ်ယူဝမ်းမြောက်ခဲ့ကြပါတယ်

ဒီသင်္ဘောဟာ ဆိုဗီယက်တို့ရဲ့ ဆောက်လက်စတို့လို့တန်းလန်း ကုဇ်နက်ဆော့ဗ်အမျိုးအစား လေယာဉ်တင်ခရူဆာသင်္ဘောကို ပြန်လည်မွမ်းမံပြုပြင်ထားတာဖြစ်ပါတယ် တရုပ်တွေ ဒီသင်္ဘော ဘယ်လိုရလာခဲ့သလည်းဆိုတဲ့ တဲ့ဖြစ်စဉ်ကလည်းတကယ်တော့ရယ်စရာကောင်းပါတယ်

ဘာလို့လည်းဆိုရင် ဘေဂျင်းအစိုးရရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတော့မှ မူမှန်မဟုတ်တဲ့ ဝယ်ယူနည်းတွေနဲ့ တရုပ်ရေတပ်အတွက်ဝယ်ခဲ့တာမို့လို့ပါပဲ ဘယ်လိုဝယ်ခဲ့တာလည်းဆိုရင်

တရုပ်ဘတ်စကက်ဘောသမား တစ်ယောက်ကနေ ပြီးတော့ရေပေါ်ကာစီနိုကစားဝိုင်းဖွင့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှကနေဝယ်လာခဲ့တာဖြစ်လို့ပါပဲ

တရုပ်ပြည်လွတ်မြောက်ရေးတပ်မတော်(ရေ) ( PLAN )ဟာ လေယာဉ်တင်သင်္ဘောတစ်စီးလောက်ပိုင်ဆိုင်လာဖို့ စိတ်ကူးရှိနေတာ ၁၉၇၀ ခုနှစ် လောက်ကတည်းကပါ အဲ့ဒီအချိန်တုန်းက တရုပ်ဟာ အမေရိကန်နဲ့ရော ရုရှနဲ့ပါ အဆင်မပြေနေခဲ့တဲ့အချိန်ပေါ့ စစ်အေးခေတ်ကာလတုန်းမှာ

သူတို့ရဲ့ လေယာဉ်တင်သင်္ဘောစိတ်ကူးအိပ်မက်ဟာ တရုပ်ရေတပ်ရဲ့ နည်းပညာစွမ်းပကားနဲ့တတ်နိုင်တဲ့ငွေကြေးပမာဏအပေါ်ကြည့်ပြီးတိုင်းတာရင် အများကြီး ကွာဟနေခဲ့တာဖြစ်ပါတယ်

ဆိုဗိယက်ယူနီယန်ဟာသူ့ရဲ့ ကိဗ်အမျိုးအစား ပထမဆုံးလေယာဉ်တင်သင်္ဘော တွေကို ၁၉၇၀ခုနှစ်လောက်မှာ ဖြန့်ကျက်အသုံးပြုနိုင်ခဲ့ပါတယ် ကိဗ်အမျိုးအစားတွေဟာ YAK 30 ဖော်ဂျာ လေယာဉ်တွေ တင်ဆောင်နိုင်ပါတယ်

ဒါပေမယ့်အဲ့ဒီလေယာဉ်တွေဟာ စစ်ရေးစွမ်းပကားမှာကန့်သတ်ချက်အများကြီးရှိတဲ့လေယာဉ်တွေပါပဲ ၁၉၈၀လောက်ရောက်လာချိန်မှာတော့ ဆိုဗိယက်ဟာ ပိုပြီးကောင်းမွန်တဲ့ ကုဇ်နက်ဆော့ဗ် အမျိုးအစားလေယာဉ်တင်သင်္ဘောနှစ်စီး ကိုဆောက်ခဲ့ပါတယ်

ဒီသင်္ဘောတွေဟာ ski-jump လို့ခေါ်တဲ့ အပေါ်ကိုကွေးတက်သွားတဲ့ပြေးလမ်းပါတဲ့ဒီဇိုင်းမျိုးဖြစ်ပြီး သမားရိုးကျ စနစ်တွေဖြစ်ပေမယ့် ပိုပြီးစွမ်းဆောင်ရည်မြင့်မားအောင်ပြုလုပ်ထားတာပါ SU 33 တိုက်လေယာဉ်တွေ ဆင်းသက်နိုင်လာပါတယ်

ရှေးဦး လေယာဉ်တင်သင်္ဘောတွေ ဖြစ်တဲ့ ကိဗ် အမျိုးအစားတွေလိုပါပဲ ကုဇနက်ဆော့ဗ်တွေဟာ လေယာဉ်တင်ကရူဆာ သင်္ဘောတွေသာဖြစ်နေပါတယ် သူတို့မှာ P700 Granit သင်္ဘောဖျက်မစ်ဆိုင်း စနစ် ၁၂ခုတပ်ဆင်ထားတာ ကြောင့်မို့ ကရူဆာလို့ပြောကြတာပါပဲ

ဒီလိုလုပ်ရတဲ့နည်းက အရေးကြီးပါတယ် ဘာကြောင့် ဒီလိုလေယာဉ်တင်ကရူဆာတွေလုပ်ရတာလည်းဆိုရင် ကန့်သတ်ချက်ကြောင့်ပါ လေယာဉ်တင်သင်္ဘောတွေဟာ တန်ချိန်၁၅၀၀၀ ထက်ပို ရင် ဘော့စပရပ်ရေလက်ကြားကို သုံးပြီး ပင်လယ်နက်ကနေ မြေထဲပင်လယ်ကို ဖြတ်သန်းဖို့တရားဝင်ခွင့်မပြုပါဘူး (Montreux Conventionအရ)

ဆိုဗိယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီးနောက် မှာ ယူကရိန်းပြည်နယ်မှာဆောက်လက်စ “ဗာရီယတ် “အမည်ရတဲ့ ကုဇ်နက်ဆော့ဗ်အမျိုးအစား လေယာဉ်တင်သင်္ဘောတစ်စီးကျန်နေပါတယ် သုံးပုံနှစ်ပုံလောက်ပဲပြီးသေးတဲ့အချိန်ဖြစ်ပါတယ်

လျှပ်စစ်ပိုင်းဆိုင်ရာတွေနဲ့ လက်နက်စနစ်ပိုင်းဆိုင်ရာတွေ မပြီးသေးဘူး ပေါ့ ၁၉၉၂ခုနှစ်မှာ ယူကရိန်းအစိုးရဟာ ငွေကြပ်တည်းလာတဲ့အခါမှာ Mykolaiv သင်္ဘောကျင်းမှာရှိနေတဲ့ သံချေးတက်စပြုနေတဲ့ သံထည်သတ္တုထည်တွေကို တစ်ဖက်လှည့်နဲ့ ရောင်းချဖို့ကြံစည်ရင်း

တည်ဆောက်လက်စတွေကိုလည်း ရပ်ဆိုင်းပစ်လိုက်ပါတယ် ရုရှ တရုပ် အိန္ဒိယတို့ကိုလည်း အကြောင်းကြားလိုက်ပါတယ်

ဆယ်စုနှစ်နှစ်ခုကြာပြီးမှ ၂၀၁၅ ရောက်တဲ့အခါမှာ တောင်တရုပ်မနက်ခင်းသတင်းစာ( South china morning post)က ဆောင်းပါးတစ်ပုဒ်ကို အပိုင်းနှစ်ပိုင်းခွဲပြီးတော့ဖော်ပြပေးခဲ့ပါတယ် လေယာဉ်တင်သင်္ဘောဖြစ်လာဖို့အရေး

ဘယ်လိုတွေလုပ်ခဲ့ ခြေပုန်းခုတ်ခဲ့ရပါတယ်ဆိုတဲ့အကြောင်းကို ဖွင့်ချထားတဲ့ ဆောင်းပါးဖြစ်ပါတယ်

တရုပ်ရေတပ်ဟာ “ဗာရီယတ်” ကိုလိုချင်လာတဲ့အခါ အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းကိုလွှတ်ပါတယ် ဝယ်သင့်မသင့်စစ်ဆေးဖို့ပေါ့ ဒါပေမယ့် ဘေဂျင်းအစိုးရဟာ စိတ်ပူပန်နေခဲ့ပါတယ်

ဘာကြောင့်လည်းဆိုရင် လေယာဉ်တင်သင်္ဘောရှိအောင်ကြိုးစားလာတာဟာ တင်းမာမှုတွေကိုဖြစ်လာစေနိုင်တယ် တရုပ်ပြည်ကြီးကိုတံခါးဖွင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်နေရတဲ့အချိန် စီးပွားရေးကောင်းအောင်လုပ်နေရချိန်မှ

ာ အနောက်နိုင်ငံတွေကရင်းနှီးမြှုပ်နှံမယ့်သူတွေ မလာတော့မှာကိုစိတ်ပူတာဖြစ်ပါတယ်

၁၉၉၆ မှာ တရုပ်ထောက်လှမ်းရေးအကြီးအကဲ ကျိရှန်ဒယ် (General Ji )နဲ့တရုပ်တပ်မတော်အရာရှိတွေဟာ တရုပ်တပ်မတော် ဘတ်စကက်ဘောလက်ရွေးစင်ဟောင်း Xu Zhengping (ဆူ) ကို စတင်ချဉ်းကပ်စည်းရုံးခဲ့ပါတယ်

အဲ့ဒိအချိန်မှာ “ဆူ” ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ရုံသာမကဘဲ စီးပွားရေးမှာ နိုင်ငံတကာအထိခြေဆန့်နိုင်သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်

ဆူအနေနဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ လေယာဉ်တင်သင်္ဘောကို ဝယ်ရမှာဖြစ်ပါတယ် အပြင်ဘန်းအကြောင်းပြရမှာက ရေပေါ် ကာစီနိုလောင်းကစားရုံ လုပ်ဖို့ဆိုတာပါပဲ ဒါမှသာ စစ်စစ်ပေါက်ပေါက် စစ်ဆေးစုံစမ်းမှုတွေ ကိုရှောင်ရှားနိုင်မယ်

ပြီးတော့မှ နိုင်ငံရေးအခြေအနေပေးလာတဲ့အချိန်မှာ PLA ကလွှဲပြောင်းယူလိုက်မယ်ဆိုတဲ့အကြံပါပဲ

ဒီလိုဇာတ်လမ်းဆင်တာဟာ ကြားရရုံနဲ့တော့ဟာသမမြောက်ပါဘူး ဘာလို့လည်းဆိုရင် ကိဗ်အမျိုးအစားလေယာဉ်တင်သင်္ဘောကြီးတွေအကြောင်း ပြန်ပြောကြည့်ရပါမယ် သူတို့ထဲက၂စီးဟာ တရုပ်ပြည်ထဲမှာ ရောက်နေပါတယ်

ဆိပ်ကမ်းတစ်ခုစီမှာချည်နှောင်ဆိုက်ကပ်ထားပါတယ် ကလေးကစားကွင်းနဲ့ အပန်းဖြေဥယျာဉ်တွေအဖြစ်နဲ့ပါပဲ “The Minsk ” ဆိုတဲ့ AC ကတော့ ရှန်ဟိုင်းမြို့ရဲ့မြောက်ဖက်က နန်တုန် မှာရောက်နေပါတယ် ရှန်ဇမ်းမြို့ခံဗီဒီယိုဂိမ်းလုပ်ငန်းရှင်တွေစုပေါင်းပြီး

ဒေါ်လာ၎.၄ သန်းနဲ့ ဝယ်ထားတာပါ ပထမဆုံးကိဗ် AC ကတော့ တီအန်ဂျင်းမှာ ရေပေါ်ဟိုတယ် ဖြစ်နေပါပြီ

ဒါပေမယ့် တရုပ်စစ်တပ်ဟာ ပိုပြီးခေတ်မှီတဲ့ ကုဇ်နက်ဆော့ဗ် ကိုသာ PLA Navy အတွက် စိတ်ဝင်စားမှုရှိနေတာပါပဲ “ဆူ” တစ်ယောက်ဟာ အကြံအစည်ထဲမှာနစ်မျောသွားပြီး အမေရိကန်ဒေါ်လာသန်း၃၀ နဲ့ညီမျှတဲ့ဟောင်ကောင်ဒေါ်လာတွေကို မိတ်ဆွေတွေနဲ့စုပေါင်းမတည်လိုက်ပြီး စွန့်စားခန်းစပါတော့တယ်

ပထမဆုံးလုပ်တာကတော့ မကာအိုမှာ ဒေါ်လာ၆သန်းနဲ့ ကုမ္ပဏီတစ်ခုဝယ်ယူပြီး ယုတ္တိရှိအောင်စလုပ်တာပါပဲ “Agência Turística e Diversões Chong Lot Limitada “လို့ခေါ်တဲ့ ကုမ္ပဏီပါ အဲ့ဒီအချိန်က မကာအိုဟာ ပေါ်တူဂီလက်အောက်ခံကိုလိုနီဘဝရဲ့ နောက်ဆုံးနှစ်တွေမှာရောက်ရှိနေတဲ့ကာလ ပါပဲ

၁၉၉၈ ဇန်နဝါရီလမှာ” ဆူ” ဟာယူကရိန်းကိုရောက်လာပြီး သင်္ဘောကျင်းတာဝန်ခံတွေနဲ့ တွေ့ခဲ့ပါတယ် မက်လောက်စရာကောင်းတဲ့ လာဘ်တွေထိုးဖို့ကမ်းလှမ်းပြီး ၁၂၄ ဘိုင်ဂျူး ( 124 proof baijui )လို့ခေါ်တဲ့ တန်ဘိုးကြီးမားလွန်းတဲ့ တရုပ်အရက်ပုလင်း အလုံးပေါင်း၅၀လောက်ကုန်ပြီးတဲ့အခါ

လေးရက်မြောက်နေ့မှာတော့ ဒေါ်လာသန်း၂၀နဲ့ ဆောက်လက်စ ကုဇ်နက်ဆော့ဗ် လေယာဉ်တင်သင်္ဘောကိုဝယ်ဖို့ သဘောတူညီချက်ရခဲ့ပါတော့တယ်

အဲဒီ သန်း၂၀ဆိုတာယနေ့ခေတ် တိုက်လေယာဉ်တစ်စီးစာပဲရှိပါတယ် ဆူဟာ တစ်နှစ်ကြာတဲ့အထိ ပေးချေရမယ့်ငွေ ကိုမပေးချေနိုင်ခဲ့တော့ နောက်ကြကြေး ဒေါ်လာဆယ်သန်းအပိုထပ်ပေးခဲ့ရပါတယ်

အဲ့ဒိမှာ နိုင်ငံတကာကလေ့လာသူတွေဟာအရောင်းအဝယ်နဲ့ပတ်သက်ပြီး မသင်္ကာစရာအနံ့ရသွားပါတော့တယ် ဘာလည်းဆိုရင် “ဆူ” ရဲ့ကုမ္ပဏီဟာ မကာအိုမှာ လောင်းကစားရုံလိုင်စင်ရမထားတဲ့အပြင်ကုမ္ပဏီဟာ လိပ်စာရော ဖုန်းနံပါတ်ပါ အပြင်မှာတကယ်မရှိတဲ့ကုမ္ပဏီဖြစ်နေပါတယ်

ဒါပေမယ့် ကံကောင်းပြီး ဖြစ်ချင်ပြန်တော့ စစ်လက်နက်ပစ္စည်းများဆိုင်ရာ စာရင်းဇယားတွေကိုနှစ်အလိုက်ဖော်ပြထုတ်ဝေတဲ့ Janes Journal ဂျိန်းစ်ဂျာနယ်ဝန်ထမ်း လေ့လာသူတစ်ယောက်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့အင်တာဗျူး တစ်ခုမှာဒီအရောင်းအဝယ်မှာ တရုပ်စစ်တပ်ကပါတယ်ဆိုတာမဖြစ်နိုင်ဘူး

ဒီလိုအိုမင်းဟောင်းနွမ်းနေတဲ့ “ဗာရီယတ်” လိုမျိုးကို ဝယ်ပြီးသုံးစွဲဖို့ဆိုတာအဆက်အစပ်မရှိနိုင်ဘူးလို့ ပြောခဲ့​​တော့ သတင်းမုဆိုးတွေစိတ်ဝင်စားမှုလျော့ကျသွားခဲ့တာပါ

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ အစစအရာရာအားလုံးဟာအဆင်သင့်ဖြစ်နေပါပြီ မတပ်ဆင်ရသေးတဲ့သင်္ဘောအင်ဂျင်လေးလုံးဟာ သေသေချာချာ ထုပ်ပိုးပြီး သင်္ဘောတည်ဆောက်ရေးနဲ့ဆိုင်တဲ့ ဘလူးပရင့်ပုံတွေ drawings တွေနဲ့အတူ တရုပ်ပြည်ကို ကုန်းလမ်းကနေ ပို့ခဲ့ပြီးပါပြီ

ဟော်လန်နိုင်ငံက တွဲဆွဲရေယာဉ်ကုမ္ပဏီကလည်း ၃၀၆မီတာအရှည်ရှိတဲ့ “ဗာရီယတ်” ကို တရုပ်ပြည်အထိ ဆွဲသွားဖို့ အသင့်ဖြစ်ပါပြီ ဘာတွေဖြစ်ကြဦးမလည်း ကြည့်ကြပါစို့

အိမ်နဲ့အဝေးကြီးမှာကားပျက်လို့ပြန်ဆွဲရတဲ့အဖြစ်ကို ကြုံဖူးကြပါသလား အခုအဖြစ်က အဲ့ဒါထက် အဆပေါင်းငါးရာ ပိုခက်ပါတယ် ဘာလို့လည်း လျောင်နင်း ဟာ တူရကီနိုင်ငံ အီစတန်ဘူလ် ကမ်းခြေကပင်လယ်ပြင်မှာ ရက်ပေါင်းငါးရာဝန်းကျင်လောက် တွဲဆွဲသင်္ဘောနဲ့အတူ တားမြစ်ခံထားရလို့ပါပဲ

တူရကီအစိုးရက ဘော့စပရပ်ရေလက်ကြားကို ဖြတ်သန်းခွင့်မပေးလို့ပါပဲ အဲ့ဒီရေလက်ကြားကိုဖြတ်မှ မြေထဲပင်လယ်ကိုရောက်မှာပါ တူရကီပို့ဆောင်ရေးဝန်ကြီးက တားမြစ်တာပါပဲ

သူပြောတာက ဒီလို ၃၀၆ မီတာအရှည်ရှိတဲ့ ကိုယ့်ဘာသာမမောင်းနိုင်ပဲ ဆွဲလာရတဲ့ သင်္ဘောတစ်စီးဟာ ဆွဲလာရင်း ကံမကောင်းအကြောင်းမလှလို့ တခုခုဖြစ်ခဲ့ရင် ရေလက်ကြားဟာပိတ်သွားနိုင်တယ်

ရေလက်ကြားဟာ အကျဉ်းဆုံးနေရာမှာ မီတာ၇၀၀ ပဲအကျယ်ရှိတာမို့ ရေလမ်းပိတ်သွားရင် ဒီရေလက်ကြားကိုအသုံးပြုနေကြရတဲ့ရေယာဉ်အသွားအလာတွေ ပိတ်ကုန်မယ် အီစတန်ဘူလ်မြို့မှာ အခက်အခဲတွေရှိလာလိမ့်မယ်ဆိုပြီး တားမြစ်ခဲ့တာပါ

အရင်အချိန်တွေတုန်းကလည်းသာဓကအဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်ပေါ့ အဲ့ဒိမတိုင်ခင်တနှစ်က က ယူဂိုစလားဗီးယားမှာ နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို တရုပ်ကကန့်ကွက်ခဲ့ဖူးပါတယ် တူရကီက နေတိုးအဖွဲ့ဝင်အဖြစ်ပါခဲ့တယ်

ဒါကို ပြန်လက်စားချေတယ်လို့ တရုပ်ကထင်လာ တယ် လျောင်နင်းဟာ တူရကီမှာ ၁၆လတိတိ တွဲဆွဲခ တစ်နေ့ကို ဒေါ်လာ၈၅၀၀ ပေးနေရရင်းနဲ့ ပိတ်မိနေခဲ့ပါတယ်

အဆုံးမှာတော့ ဘေဂျင်းအစိုးရဟာ တူရကီကို တိုးရစ်ခရီးသွားလာရေး အထူးအခွင့်အရေးတွေပေးပြီး ဖြတ်သန်းခွင့်ကိုလဲလှယ်ခဲ့ရပါတယ် ၂၀၀၁ သြဂုတ်လကိုရောက်လာပါပြီ

နောက်ဆုံးတကာ့နောက်ဆုံးမှာတော့ ၂၀၀၁ နိုဝင်ဘာလအရောက်မှာ တွဲရေယာဉ်ပေါင်း တစ်ဒါဇင်ကျော် အရေးပေါ်ကယ်ဆယ်ရေး ရေယာဉ်များစွာတို့နဲ့အတူ ​လျောင်နင်းဟာ ဘော့စပရပ်ရေလက်ကြားကို ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်ဘဲ ဖြတ်သန်းနိုင်ခဲ့ပါတယ် ဒါဒနယ်ရေလက်ကြားကိုပါဖြတ်နိုင်ခဲ့ပါပြီ အခက်အခဲဆုံးအပိုင်းကိုကျော်နိုင်ခဲ့ပါပြီ

နောက်ထပ်၂ရက်အကြာမှာ Skyro ကျွန်းအနားအရောက် ပင်လယ်ပြင်မှာမုန်တိုင်းမိတော့ လေတိုင်နှုန်း ၆၀မိုင်လောက်မိပြီး တက်မတွေမတပ်ထားရသေးတဲ့လျောင်နင်းဟာ မုန်တိုင်းထဲမှာ တွဲဆွဲကြိုးပြတ်ပြီး မျောပါသွားခဲ့ပါသေးတယ်

ပြန်လိုက်ဆွဲရတာနှစ်ရက်လောက်ကြာခဲ့ပြီး တွဲဆွဲရေယာဉ်နဲ့ ကြိုးပြန်ဆက်ဖို့ကြိုးစားရင်း ပေါ်တူဂီသင်္ဘောသားတစ်ယောက် ရေထဲကျသေဆုံးခဲ့ရတာလည်းရှိခဲ့ပါသေးတယ်

ကိုယ့်ဘာသာမောင်းနိုင်တဲ့ သင်္ဘောတွေဟာ ဆူးအက်တူးမြောင်းကို ဖြတ်ပြီးအိန္ဒိယသမုဒ္ဒရာကနေ တရုပ်ပြည်ကို ဖြတ်ဝင်နိုင်ပါတယ် လမ်းတိုပါတယ် ဒါပေမယ့်တူးမြောင်းဟာ စက်မဲ့ရေယာဉ်တွေကို ပေးမဖြတ်ပါဘူး

ဒီတော့ လျောင်နင်းအလောင်းအလျာဟာ အာဖရိကကို တပါတ်ကြီးပါတ်ရပါတော့တယ် ဗတ်စကိုဒဂါးမားရဲ့ လမ်းကြောင်းအတိုင်းပေါ့ တချုပ်ချုပ်တချပ်ချပ်နဲ့ ကြွကြွရွရွတဖြည်းဖြည်းလေးနဲ့ ပေါ့ တစ်နာရီကို ၇မိုင်နှုန်းလောက်နဲ့ပါ ပဲ

၂၀၀၂ မတ်လမှာတော့ လျောင်နင်းဟာ လျောင်နင်းပြည်နယ် ဒါ့လိယန် မြို့က ဆိပ်ကမ်းကို ဆိုက်ရောက်နိုင်ခဲ့ပါတယ် ပြည်နယ်ရဲ့နာမည်ကိုအစွဲပြုပြီး သူ့ကို ဒီနာမည်ပေးခဲ့တာပါပဲ

သုံးနှစ်အကြာမှာ အကြီးစားပြင်ဆင်တပ်ဆင်ရေး အတွက်လွန်းတင်ခဲ့ပါတယ် သံချေးတွေကိုသဲနဲ့မှုတ်ပြီးချွတ်ချတာတွေ အင်ဂျင်တွေပြန်တပ်ပြီးအထိုင်ချတာတွေလုပ်ခဲ့ကြပါတယ်

တရုပ်ရေတပ်ဟာ သင်္ဘောကို လေယာဉ်တင်သင်္ဘောအဖြစ်နဲ့ပဲ သုံးချင်တာပါ ရုရှတွေဆောက်ထားသလို ခရူဆာကယ်ရီယာအဖြစ်နဲ့ ဖါးတစ်ပိုင်းငါးတစ်ပိုင်း မလိုချင်ပါဘူး

ဒီတော့ သင်္ဘောဖျက်မစ်ဆိုင်းတွေနေရာမှာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ရယ် အနီးကပ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရယ်နဲ့ ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်

သင်္ဘောရဲ့အခြေခံတိုက်ခိုက်ရေး လက်နက်စနစ် ကိုပြောရရင် တော့ J15 တိုက်လေယာဉ်၂၄စီးပါပဲ J15 တိုက်လေယာဉ်တွေဟာ ရုရှတို့ရဲ့ SU33 ကိုကော်ပီလုပ်ထားတာပါပဲ

ယူကရိန်းဆီကနေ ရလာခဲ့တာပါ လျောင်နင်းဟာ ရဟတ်ယာဉ်တွေကိုလည်းတင်ဆောင်နိုင်ပါတယ် လေကြောင်းရန်ကာကွယ်ရေး ရဟတ်ယာဉ် တွေနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ် စုစုပေါင်းလေးစင်းတင်ဆောင်နိုင်ပါတယ်

၂၀၁၂ စက်တင်ဘာလ ၂၅ရက်နေ့မှာ လျောင်နင်းကို တပ်တော်ဝင် ပြုလုပ်နိုင်ခဲ့ပါတယ် J15 တိုက်လေယာဉ်တွေဆင်းသက်တာ တွေကတော့ နောက် တစ်လအကြာမှာ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်

လျောင်နင်းကို ပုံတူကူးချထားတဲ့ တရုပ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောနောက်တစ်စီးကတော့ ဒီနှစ်ထဲမှာ ပင်လယ်ပြင်ကိုထွက်လာဖို့ရှိနေပါပြီ ကားတွေနဲ့ သယ်လာခဲ့ကြတဲ့ ဘလူးပရင့်တွေနဲ့ drawings ပုံစံတွေရဲ့ အကျိုးကျေးဇူးပေါ့

Xu ရဲ့အပြောအရ ပေါ့ ဗာရီယတ် က တရုပ်တို့ကို သုတေသနနဲ့ တီထွင်မှုမှာ ၁၅နှစ်လောက်အချိန်ကုန်သက်သာအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ် “ဆူ” ကို တရုပ်ပြည်ကြီးက အရမ်းချီးမြှင့်မယ်လို့မထင်ကြဘူးလား ?

“ဆူ” ဟာဟောင်ကောင်က အိမ်လည်းရောင်းခဲ့ရတယ် စုစုပေါင်း သန်း၁၂၀ လောက်ကုန်ကျခဲ့ပြီး အဆင်မပြေမှုတွေကို ညှိနှိုင်းဆောင်ရွက်နေရတဲ့ ကာလအတွင်းမှာ အကြွေးတွေကို လှိမ့်ဆပ်နေခဲ့ရပါတယ်

ဖြစ်ချင်တော့ လုပ်ငန်းအကြံအစည်ကြီးကို စခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဂျီဟာ အဂတိလိုက်စားမှု ​​မှောင်ခိုမှုတွေနဲ့ ၂၀၀၁ မှာ ထောင်ချခံခဲ့ရတာကြောင့် အကြံအစည်ကြီးမှာပါခဲ့ကြတဲ့ အရာရှိ တွေက”ဆူ” ကို လာမတွေ့ကြတော့သလို သူတကယ်အကုန်အကျခံထားရပါတယ်ဆိုတာကို ထောက်ခံပေးဖို့လည်းမလုပ်ကြတော့ပါဘူး

အစိုးရအနေနဲ့တော့ “ဆူ”ကိုဒေါ်လာသန်း၂၀ ပြန်ပေးခဲ့ပါတယ် သင်္ဘောဝယ်ယူခအဖြစ်ပေါ့ ဒီလောက်နဲ့မလောက်ပါဘူး ဒိထက်အများကြီးကုန်ကျထားရပါတယ်ဆိုပေမယ့် ပိုက်ဆန်ပြန်မရပါဘူး ဘာဖြစ်လို့လည်းဆိုတော့

“Xu” အနေနဲ့ ဘောက်ချာ(ပြေစာ) တွေ လက်ထဲမှာမရှိတော့လို့ပါပဲတဲ့ တကယ်တမ်းပြောရရင် ယူကရိန်းမှာပေးခဲ့ရတဲ့ လာဘ်ငွေတွေဟာ ပြေစာမရှိနိုင်ပါဘူး တချို့သော ကိစ္စတွေမှာလည်း ပြေစာဆိုတာတွေဟာမရနိုင်ပါဘူး

သင်ခန်းစာအနေနဲ့တော့ပြောရမယ်ဆိုရင်တော့ ဘောက်ချာပြမှ ပိုက်ဆန်ရပါမယ် လို့သာမှတ်ပါ ဗာရီယတ် သင်္ဘောကြီးဝယ်တာနဲ့ပတ်သက်ပြီး မှတ်သားသင့်တာတစ်ခုကိုဖော်ထုတ်ပြရမယ်ဆိုရင် ” သင်ပေးလိုက်တဲ့စေတနာတွေအတွက် သိတ်ပြီးပြန်မမျှော်လင့်ပါနဲ့ ပြီးတော့ ဘောက်ချာတွေကိုသိမ်းထားပါ” လို့ပါပဲ

သဒ္ဓါအားဖြင့်
Pi Lon
(လျောင်နင်းအပါအဝင် တရုပ်ရေတပ်ဟာ တကယ်တမ်းပင်လယ်ပြင်စစ်ပွဲတွေမှာ တိုက်ခိုက်နိုင်ပါ့မလား )

Leave a Reply

Your email address will not be published. Required fields are marked *