ရေခဲမုန့်ကိုမဝယ်ဘဲ လျှာနဲ့လျှက်ပြီး ပြန်ထားတဲ့အမျိုးသား၊ ထောင်ဒဏ်ချမှတ်ခံရတဲ့အဖြစ်

Posted on

တက္ကဆက်မှာနေထိုင်တဲ့ Prankster တစ်ယောက်ဟာ စတိုးဆိုင်တစ်ခုအတွင်း ဝင်ပြီး၊ ရေခဲမုန့်ကို မဝယ်ဘဲ လျှာနဲ့လျှက်ပြီး ပြန်ထားခဲ့တဲ့အတွက် အခုတော့ ထောင်ဒဏ်ကျခံလိုက်ရပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နောက်တယ်ပြောင်တယ်ဆိုတာကလည်း စည်းနဲ့ဘောင်နဲ့ ရှိရမှာဖြစ်ပြီး၊ တစ်ချို့သော နောက်ပြောင်မှုတွေက တခြားသူတွေကို ထိခိုက်စေပါတယ်။ပြီးခဲ့တဲ့နှစ် နွေရာသီလောက်ကတည်းက အမျိုးသမီးတစ်ဦးဟာ ဒီလို ပြစ်မှုကြောင့် ပြင်းထန်တနဲ့ ထောင်ဒဏ်တစ်ရပ် ချမှတ်ခံခဲ့ရပါတယ်။ ဒါနဲ့ အမေရိကန်တခွင်မှာ ဒီလို အလားတူလုပ်ရပ်တွေ ကျူးလွန်ကာ သက်ဆိုင်ရာ အာဏာပိုင်တွေကို အရွဲ့တိုက်တာမျိုးတွေ၊ တချို့ကလည်း ဒီလို အငြင်းပွားဖွယ်ရာလုပ်ရပ်လုပ်ပြီး နာမည်ကြီးဖို့ ကြံစည်တာတွေ ရှိခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ အလွန်ရွံစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး၊ လျှက်ပြီးသား ရေခဲမုန့်ကြီးကို မသိလို့ ဝယ်မိတဲ့သူအတွက်လည်း မသတီစရာပါ။ နောက် အခုလို ကူးစက်ရောဂါတွေ ကြောက်နေရတဲ့အချိန်မှာ ဒီလုပ်ရပ်ဟာ ရွံစရာအဆင့်မကတော့ဘဲ၊ လူအများ မုန်းတီးစရာကို ဖြစ်စေနိုင်ပါတယ်။ အခုပြစ်ဒဏ်ကျခံလိုက်ရတဲ့ လူနောက်အမည်ကတော့ D’Adrien L’Quinn Anderson ဖြစ်ပြီး အသက်(၂၄)နှစ်ပါ။

 

သူဟာ (၂၀၁၉)ခုနှစ် သြဂုတ်လမှာ ရေခဲမုန့်လျှက်ပြီးပြန်ထားတဲ့ Trand ခေတ်ထနေချိန် ဒီပြစ်မှုကို ကျူုးလွန်ခဲ့ပါတယ်။ သူဟာ Port Arthur မှာတည်ရှိတဲ့ Walmart စတိုးဆိုင်မှာ ဒီလုပ်ရပ်ကို ပြုမူခဲ့တာပါ။ Anderson ရဲ့ဗွီဒီယိုကို ကြည့်ရှုသူ (၁၂၅၀၀၀)အထိ ရှိခဲ့ပြီး၊ နာမည်ပိုကြီးလာလို့ ဝမ်းသာမယ်မှ မကြံသေး ရဲက ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။Anderson ဟာ ဒီပြစ်မှုကြောင့် ထောင်ဒဏ်ရက်(၃၀) ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ၊ သူဟာ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှာ (၂)နှစ်ကျော် နေထိုင်ရမယ့်အပြင်၊ အဲဒီပြစ်ဒဏ်မှာတော့ ထပ်ဆောင်းရက်ပေါင်း (၁၈၀) အထိ တိုးမြင့်ခံခဲ့ရပါတယ်။ ဒီပြစ်မှုဟာ ထောင်တစ်နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ(၄၀၀၀)အထိ ချမှတ်လို့ ရပါတယ်။

Anderson ကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အနက် ရက်ပေါင်း(၁၀၀) လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်လည်း ပါဝင်ပြီး၊ ဒဏ်ငွေ ဒေါ်လာ(၁၀၀၀)နဲ့၊ ဂုဏ်သိက္ခာပိုင်းအရ နစ်နာခဲ့တဲ့ Blue Bell Creameries ကုမ္ပဏီကိုလည်း ဒေါ်လာ (၁၅၆၅)အထိ နစ်နာကြေး ပေးချေဖို့ကိုလည်း အမိန့်ချမှတ်ခံခဲ့ရပါတယ်။Anderson ရဲ့အမှုကို Jefferson County District Court က လက်ခံစစ်ဆေးခဲ့တာပါ။ တာဝန်ရှိသူတစ်ဦးက Anderson ရဲ့အပြုအမူဟာ လက်ခံနိုင်ဖွယ်ရာ အပြုအမူ မဟုတ်ကြောင်း အများပြည်သူရဲ့ စားသုံးသူ လုံခြုံရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို၊ Blue Bell Creameries ကို အမြဲအားပေးနေသူတွေကိုလည်း သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။တကယ်လို့ ဒီလိုလုပ်ရပ်မျိုး ကျူးလွန်တဲ့ မည်သူကိုမဆို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ကြောင်း Jefferson County District Attorney’s Office နဲ့ Port Arthur Police Department တို့က အများပြည်သူကို သတိပေးခဲ့ပါတယ်။ Anderson ရဲ့ကျော်ဇောလိုတဲ့ လုပ်ရပ်ကြောင့် Walmart စတိုးဟာ လက်ကျန်ရေခဲမုန့်တွေကိုလည်း စွန့်ပစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *