ရွှေပြည်သာ စက်မှုဇုန်အတွင်း စက်ရုံသုံးရုံ တိုင်ကြားထားသော်လည်း ဆက်ဖွင့်နေ

Posted on

ရွှေပြည်သာစက်မှုဇုန်အတွင်း တိုင်ကြားထားသော်လည်း ဆက်လက် ဖွင့်လှစ်လုပ်ကိုင်နေသည့် စက်ရုံသုံးရုံရှိကြောင်း သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ မမျိုးအေးက ဧပြီလ ၂၃ ရက်တွင် ပြောဆိုသည်။”ရွှေပြည်သာ စက်မှုဇုန်ထဲမှာ ဒီနေ့ သုံးရုံဖွင့်နေတယ်။ ဒီလိုဖွင့်တဲ့အထဲမှာ တစ်ရုံက ဖိနပ်စက်ရုံ ။ နောက် နှစ်ရုံက အထည်ချုပ်စက်ရုံတွေပါ။ ဖိနပ်စက်ရုံကတော့ အလုပ်သမား တစ်သောင်းလောက်ရှိတယ်။ စက်ရုံဘက်က ပိတ်မပေးတာကြောင့် အလုပ်သမားတွေက လာဆင်းနေရတာဖြစ်တယ်။ဒါကြောင့် ကျွန်မတို့ဘက်ကတော့ တာဝန်ရှိတဲ့သူတွေ အားလုံးကို တိုင်တန်းထားတယ်။ဒီနေ့အချိန်ထိတော့ မပိတ်သေးဘူး။ဒါကတော့ အစိုးရတာဝန်ရှိသူတွေရဲ့အပိုင်းဖြစ်သွားပါပြီ”ဟု မမျိုးအေးက ပြောဆိုသည်။

လက်ရှိအချိန်တွင် လုပ်သားများအနေဖြင့် အလုပ်မဆင်းလိုသော်လည်း လစာမရမည်စိုးသဖြင့် အလုပ်ဆင်းနေကြရကြောင်း၊ စက်ရုံမှ ပိတ်သိမ်းမှုမပြုလုပ်ပေးသည့်အပေါ် မကျေနပ်သော်လည်း တရားစွဲဆိုခံရခြင်းများ မရှိစေရေးနှင့် ကျန်းမာရေးအရ လူစုလူဝေးမပြုလုပ်လိုခြင်းကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှုများသာပြုလုပ်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
”ဒီစက်ရုံတွေက အစကတည်းက ပြန်ဖွင့်နေတာ။ ဒါကိုပိတ်ပေးဖို့ လူစုလူဝေးလုပ်တယ်ဆိုရင်လည်း အလုပ်သမားတွေက တရားစွဲခံရတဲ့ဖြစ်စဉ်တွေ ကြုံဦးမယ်။ တရားစွဲခံရတာ မကြောက်ပေမယ့် ကျန်းမာရေးအရ လူစုလူဝေးက မဖြစ်သင့်တာရယ် ။ နောက်တစ်ခါ တကယ်လို့များ ဒီလူစုထဲက ရောဂါပါလာခဲ့ပြီဆိုရင် တရားခံဖြစ်မှာ။ ဒါကြောင့် အလုပ်သမားတွေ လူစုလူဝေးမဖြစ်အောင်ပဲ ကျွန်မတို့ထိန်းသိမ်းဆောင်ရွက်ပါတယ်။ ဒီလို ထိန်းသိမ်းဆောင်ရွက်တာကိုကျ အရေးမယူတာမျိုးဆိုရင် မကောင်းပါဘူး။ မြို့နယ် အလုပ်သမားရုံးကတော့ ပိတ်ဖို့ပြောထားတယ်လို့သိရပါတယ်။ဒီ ရွှေပြည်သာစက်မှုဇုန်မှာတော့ လောလောဆယ် ဒီသုံးရုံပဲဖွင့်နေတာပါ”ဟု မမျိုးအေးက ဆက်လက်ပြောဆိုသည်။

COVID-19 ကာကွယ်ရေးတွက် တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို အစိုးရဝန်ကြီးဌာနပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း မြေပြင်အခြေအနေတွင် ညွှန်ကြားထားသကဲ့သို့မဖြစ်သည့်ဖြစ်စဉ်များစွာရှိနေသေးသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ယခုလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *