မြောက်ကိုရီယားနိုင်ငံသည် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တစ်စင်းအား ဇူလိုင်လအတွင်းက ပုံမှန်နွေရာသီစစ်ရေးလေ့ကျင့်မှု၌ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြသည်။
ဇူလိုင် ၆ ရက်နေ့က ဂျပန်ပင်လယ်တွင် မြောက်ကိုရီးယား စစ်ရေယာဉ်တစ်စင်းပေါ်မှနေ၍ အဆိုပါ သင်္ဘောမှ သင်္ဘောဖျက် ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဒုံးကျည်သည် ကီလိုမီတာ ၁၀၀ အောက် ပျံသန်းရောက်ရှိကြောင်း တောင်ကိုရီးယား စစ်ရေးတာဝန်ရှိသူများကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ဒုံးကျည်၏ တိကျသော အမျိုးအစားကို မသိရသေးသော်လည်း ဇူလိုင် ၆ ရက်မတိုင်ခင်ကလည်း ပြုံယမ်းသည် ယင်း ဒုံးကျည်ကို စမ်းသပ်ခဲ့သည်ဟု သတင်းက ဆိုသည်။
“ဒီ ဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ ပုံမှန် ရေပြင်စစ်ရေးလေ့ကျင့်မှုမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာပါ။ မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပြီး အသင့်အနေအထားနဲ့ စွဲစွဲမြဲမြဲ ရှိနေပါတယ်။”ဟု စစ်ဦးစီးချုပ်ရုံး ပြောခွင့်ရသူ ဗိုလ်မှူး ကင်ဂျန်ရတ်က ပြောကြောင်း ယွန်ဟတ်သတင်းက ဆိုသည်။
မြောက်ကိုရီးယားသည် ၂၀၁၅ ဖေဖော်ဝါရီလအတွင်းက ပဲ့ထိန်းစနစ်ပါ သင်္ဘောဖျက် ဒုံးကျည်တစ်စင်းကို ပထမဆုံး စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၁၄ ရက်တွင်လည်း ဒုံးကျည်စမ်းသပ်မှုများကို ပြုံယမ်းက လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က မြေပြင်မှ သင်္ဘောပစ် တာတိုဒုံးကျည်အချို့ကို ဂျပန်ပင်လယ်တွင်း ပစ်လွှတ်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
Rf; Sputnik
Writer_ မောင်သံဆင့် ( YGN Times )