မြောက်ကိုရီးယားဖက်မှ ပြည်ပြေးလာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့

Posted on

နယ်စပ်ကို ဖြတ်ကျော်တာကြောင့် ပစ်ခတ်ခံရတဲ့ မြောက်ကိုရီးယားဖက်က ပြည်ပြေးလာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတာကို စစ်ဆေးတွေ့ရှိကြောင်း သိရပါတယ်။ အဲဒီ ပြည်ပြေးပုဂ္ဂိုလ်ကို တရုတ်နိုင်ငံ ဆေးရုံတစ်ရုံမှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ COVID-19 ရောဂါအတွက် ခုချိန်မှာ ရောဂါခြေချုပ် ထားရှိကုသပေးလျက် ရှိနေပါတယ်။

တံခါးပိတ်နိုင်ငံ မြောက်ကိုရီးယားအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရှိမရှိကို အမှန်မသိနိုင်ပေမယ့် ကူးစက်ဖြစ်ပွားသူ မရှိဘူးဆိုပြီး ဒီ နိုင်ငံကတော့ တရားဝင်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ ကိုရိုနာဗိုင်းရပ်စ်အရေးမှာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး အဦးဆုံး ရောဂါစဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားချိန် အစောပိုင်းမှာပဲ နိုင်ငံကို အဝင်အထွက်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖေဖော်ဝါရီလအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံဟာ ပထမဆုံး COVID-19 လူနာတစ်ဦးကို သေနတ်ပစ်တပ်ဖွဲ့နဲ့ ပစ်သတ်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ဖူးတာ ဖြစ်ပါတယ်။ အခု ပြည်ပြေးလာသူဟာ ဧပြီ ၂၀ ရက်က နယ်စပ်မြစ် တူမန်းကို ဖြတ်ဖို့ ကြိုးစားချိန်မှာ တရုတ်နယ်ခြားစောင့်က ပစ်ခတ်ခဲ့တာလို့ တရုတ်က သတင်းရင်းမြစ်တွေကို ကိုးကားပြီး မြောက်ကိုရီးယားအကြောင်း ဇောင်းပေးရေးတဲ့ တောင်ကိုရီးယား Daily NK သတင်းဌာနက ဖော်ပြပါတယ်။အဆိုပါ ပြည်ပြေးလာသူကို လောင်ကျင်းမြို့က ဆေးရုံမှာ တင်ထားကုသပေးရာမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိတာလို့ သတင်းရင်းမြစ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ Daily NK ရဲ့ ယခင် သတင်းတစ်ရပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြောက်ကိုရီးယား စစ်သား ၂၀၀ ခန့် သေဆုံးခဲ့ရဖွယ်ရှိပြီး တော်တော်များများ အလောင်းတွေကို မီးတင်ရှို့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *