ရွေးကောက်ပွဲသတင်းအချက်အလက်ပေးရန် Page အသစ်တစ်ခု ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်

Posted on

Chair NLD အမည်နဲ့ ဖွင့်ထားတာပါ။နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ပြည်သူတွေဆီ အချိန်နှင့်တပြေးညီ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖေ့စ်ဘုတ်လူမှုစာမျက်နှာတစ်ခုကို အသစ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။Chair NLD လို့ အမည်ပေးထားတဲ့ အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာကို ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း အချက်အလက်တွေ ပေးဖို့ ရည်ရွယ်ကာ ဖွင့်လှစ်မယ်ဆိုတဲ့အကြောင်းကိုလည်း မကြာသေးခင် ရက်ပိုင်းက အတိုင်ပင်ခံရဲ့တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ Aung San Suu Kyi အကောင့်ကနေတဆင့် အသိပေးထားပြီးလည်း ဖြစ်ပါတယ်။

“ဒီအကောင့်ကို NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖော်ပြပေးနိုင်ဖို့နဲ့ ပြည် လူထုကိုလည်း မဲပေးခွင့်အပြည့်အဝရဖို့ တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်ဖို့ ဖွင့်လှစ်တယ်လို့ ယူဆပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့ လိုလားသူဖြစ်တာကြောင့် သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ တစ်ဖက်သားကို တိုက်ခိုက်ပြီး ရှုံ့ချပြီး လှုံ့ဆော်မှာမဟုတ်တာတော့ သေချာပါ တယ်။”လို့ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး မနေ့က ကော်မရှင်ရုံးခွဲကို အမည်စာရင်းသွားရောက်တင်သွင်းခဲ့ရာမှာတော့ ပြည်သူတွေက အမေစု ကျန်းမာပါစေဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ထောက်ခံအားပေးခဲ့ကြပါတယ်။ဒီအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအားလုံးလည်း ကျန်းမာအောင်နေပါလို့ ပြန်လည် မေတ္တာရပ်ခံချင်ပါကြောင်း ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ Chair NLD အကောင့်က တဆ့င် ရေးသားဖော်ပြလာပါ သေးတယ်။

“Chair NLD Facebook စာမျက်နှာအဖွင့်အနေနဲ့ ကျေးဇူးတင်စကားနဲ့ စချင်ပါတယ်။ မနေ့က သန်လျင်ခရိုင် အုပ်ချုပ်ရေးရုံးကို သွားပြီး ကော့မှူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း အဖြစ် နာမည် သွား သွင်းခဲ့ပါတယ်။ ရုံးအဝင်ဝမှာ အဖွဲ့ချုပ်ကိုထောက်ခံတဲ့ ပြည်သူတွေက ကျွန်မကို “ကျန်းမာပါစေ” လို့ ဆုတောင်း ပြီး ထောက်ခံအားပေးပါတယ်။ ကျန်းမာပါစေ” ဆိုတဲ့ စကားလေး(၄)လုံးအတွက် ကျေးဇူးတင်ကြောင်း ပြောချင်တာပါ။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ ကျန်းမာအောင်နေပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ လူစုလူဝေးလိုပုံဖြစ်ရင် ကျွန်မက စိုးရိမ်မိတယ်။ ကျွန်မတို့ပြည်သူတွေ ကျန်းမာမှ နိုင်ငံတောင့်တင်းမှာပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသား ဖော်ပြထားတာပါ။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ပြည်သူလူထုနှင့် နီးနီးကပ်ကပ်ရှိနေနိုင်ဖို့အတွက် ဖေ့စ်ဘုတ်ကို ပထမဆုံး စတင်အသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ Aung San Suu Kyi အမည်နဲ့ အသုံးပြုလျက်ရှိကာ ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ပြောစကားတွေကို ပြည်သူတွေကို ဝေမျှပေးနေတာကိုလည်းတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *