ပြည်သူနဲ့အတူ လှူ ကြမယ် အစီအစဉ်နဲ့ အလှူ ငွေ သိန်းတစ်ထောင်ကျော် လှူ ဒါန်းသွားမယ့် ဖွေးဖွေး

Posted on

ဖွေးဖွးဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရင်ထဲမှာ ရှိခဲ့ပြီး အခုဆိုရင် အကယ်ဒမီများရှင်ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်လို့နေပါပြီ။ ဖွေးဖွေးဟာ အကယ်ဒမီမင်းသမီးဖြစ်ပေမယ့် ဟိတ်ဟန်မရှိပဲ ပရိသတ်တွေနဲ့ တသားတည်း ပြောဆိုဆက်ဆံတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အသည်းနှလုံးကိုသိမ်းပိုက်ထားတယ်ဆိုရမှာပါ။ ဖွေးဖွေးက ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့အပြင် အလှူရေစက်လက်နဲ့မကွာအောင် ကုသိုလ်ပြုရာမှာ တွန့်တိုခြင်းမရှိပဲ လှူဒါန်းတတ်တဲ့ မင်းသမီးလည်းဖြစ်ပါသေးတယ်။

အခုလက်ရှိဖြစ်ပွားနေတဲ့ covid – 19 ကပ်ရောဂါကြီးအတွက် ပြည်သူရှေ့က မားမားမတ်မတ်ရပ်ပြီး ကာကွယ်ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးက အနုပညာရှင်တွေအပါအဝင် ပြည်သူတွေကလည်း တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ လိုအပ်သမျှတွေကို ဟာကွက်မရှိရလေအောင် ကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသမီး ဖွေးဖွေးကလည်း တစ်တပ်တစ်အားပါဝင်ကူညီတဲ့အနေနဲ့ “ပြည်သူနဲ့ အတူ လှူကြမယ်”ဆိုတဲ့ အစီအစဉ်လေးပြုလုပ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေနဲ့အတူ ဆေးရုံတွေမှာ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းပေးခဲ့တာတွေ့ရပါတယ်။

ဖွေးဖွေးက ပြီးခဲ့တဲ့ ရက်က သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ပြည်သူနဲ့အတူ လှူကြမယ် အစီအစဉ်ရဲ့ ရရှိထားတဲ့ အလှူငွေတွေနဲ့ လှူဒါန်းခဲ့ပြီးတာတွေကိုဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူနဲ့အတူ လှူကြမယ်အစီအစဉ်ကနေ အလှူငွေပေါင်း သိန်းတစ်ထောင်ကျော်ရထားပြီဖြစ်တယ်လို့ ဝမ်းမြောက်စွာ ကြားသိရပါတယ်။ လှူပြီးငွေ (၂၉၂) သိန်း ၊ ကျန်ငွေ (၇၄၈) သိန်း ဖြစ်ကြောင်းလည်းသိရပါတယ်။ပြည်သူနဲ့အတူ လှူကြမယ်အစီအစဉ်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ငွေကျပ် (၁၂၄ ) သိန်းတန်ဖိုးရှိ Arterial Blood Gas-Analyzer (၁) ခု၊ ငွေကျပ် (၃၂၉၀၀၀၀) တိတိ၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးကို ငွေကျပ် (၁၃၅) သိန်း တစ်သောင်း နှစ်ထောင့်ငါးရာနဲ့ အခြားလိုအပ်တဲ့ ဆေးပစ္စည်းတွေလှူဒါန်းခဲ့ကြောင်းလည်း အလှူငွေ ဂုဏ်ပြုလွှာတွေနဲ့အတူ ဖော်ပြထားခဲ့ပါတယ်။

ဖွေးဖွေးက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ကျေးဇူးတင်ဂုဏ်ပြုလွှာတွေနဲ့အတူ “အားလုံးရဲ့ ကုသိုလ်တွေပါ ပြည်သူနဲ့ အတူလှူမယ် အစီအစဉ်အတွက်အလှူငွေ သိန်း 1,040 ရပါပြီ ။( လှူပြီးငွေ 292 သိန်း ၊ ကျန်ငွေ 748 သိန်း )အနယ်နယ် အရပ်ရပ်က လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ် ။လက်ရှိ ဝယ်ယူလှူဒါန်းထားသော အလှူပစ္စည်းစာရင်းများကို ဂုဏ်ယူစွာဖော်ပြလိုက်ပါတယ် ။ထပ်မံလှူဒါန်းလိုပါက အလှူခံ post များပါအတိုင်း လှူဒါန်းနိုင်ပါတယ်”လို့ ပြောပြထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးသာဓုခေါ်နိုင်စေဖို့ အနုပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ ကုသိုလ်တွေဖြစ်တဲ့ ပြည်သူနဲ့အတူ လှူကြမယ်အစီအစဉ်ရဲ့လှူဒါန်းမှုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *