မြန်မာ့ဆေးနည်း တစ်လက်ကြောင့် ကိုယ်ခံအားကောင်းပြီး ပြန်လည် သက်သာလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ မြန်မာဆရာဝန်မလေး

Posted on

ဒီနေ့ဆို ရောဂါလက္ခဏာ စပြတာ ၈ ရက်မြောက်နေ့လို့ ရေတွက်ထားတဲ့နေ့။လူက နေပြန်ကောင်းလာတဲ့ လက္ခဏာလေးတွေ (Recovery symptoms)လေးတွေ စပြနေပြီ။မနေ့က ပုဇွန်ကြော်နဲ့ ထမင်း ၂ ပန်းကန်၊ ငါးပိရည်နဲ့ ပုဇွန်ခြောက်နဲ့နယ်တာက ထမင်း ၂ ပန်းကန်စားတယ် ဆိုတော့ တော်တော်တိုးတက်လာတယ် ဆိုရမယ်။စားပြီးရင်တော့ နုံးပြီး အိပ်ရာထဲ ဝင်ခွေနေတာ။အခုတလောက အိပ်တာရယ် စားတာရယ် ၂ ခုပဲ လုပ်လို့ရတယ်။

အိပ်မပျော်ဘဲ အိပ်ယာထဲ လှဲနေတဲ့ အချိန်တော့ ဘုရားရှိခိုး၊ ဆုတောင်း၊မေတ္တာပို့ပေါ့။ပြီးတော့ အာနာပါနလည်းမှတ်။ဒီတစ်ခါနေမကောင်းတာတော့ ထူးဆန်းတယ်။မမြဲသောအနိစ္စတရားသဘောတွေကို ဆင်ခြင်တာထက် အစိုးမရခြင်းအနတ္တသဘောတရားကို ပိုသဘောပေါက်မိတယ်။အရင်တုန်းကမှ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာ control လုပ်လို့ရတဲ့အရာ ဟုတ်လား၊မဟုတ်လား ခွဲနေသေးတယ်။အခုတော့ အရာအားလုံးဟာ ကိုယ့်ထိန်းချုပ်နိုင်စွမ်းရဲ့ ပြင်ပမှာဆိုတာ သေသေချာချာ သဘောပေါက်နားလည်သွားပြီ။တိုက်ဆဲခဏမှာ ပေါ်တဲ့ ရုပ်နာမ် တရားသဘောတွေဟာလည်း အမြဲအနိစ္စ။အမြဲ အနတ္တ။ဒီလိုဆိုပြီး စိတ်ကို လျှော့လိုက်တော့ စိတ်ကလေးလည်း အေးချမ်းသွားတာပါပဲ။ဘာကိုမှ တွေးမပူတော့ဘူး…လင်း ဖြစ်တာလေးတွေ ပြောပြမယ်နော်။အားလုံးလည်း ရောဂါလက္ခဏာလေးတွေ သတိပြုဆင်ခြင်နိုင်အောင်လို့။

စဖြစ်တာက လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က နှာစေး ချောင်းဆိုးတာက စတာ။လင်းက နှာစေးပြီးရင် ချောင်းဆိုးနေကျ။ချောင်းကဆက်တိုက်ကြီးလည်း ဆိုးနေတာမဟုတ်။သလိပ်ကဝါနေတော့ ဒါ ကိုယ်ဖြစ်နေကျ နှာစေး ချောင်းဆိုး။ဖျားလည်း မဖျားဘူး ဆိုပြီး နေနေတာ။ဆေးရုံကို အလုပ်ဆင်းလည်း မပျက်ဘူး။

အဲ့လို နေနေရင်းနဲ့မှ လင်း အရေးပေါ်ဌာနမှာ လူနာတစ်ယောက်ကြည့်တော့ လူနာက ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနိုင်တဲ့ သံသယလူနာ။သူ့ရောဂါလက္ခဏာတွေက အဖျားကြီး ချောင်းဆိုး အောက်ဆီဂျင်လိုအပ်နေ ပြီးတော့သူက ဆေးရုံအုပ်ချုပ်မှုအပိုင်းက ဆေးရုံမှာလုပ်တာ ဆိုတော့ ဒီရောဂါဖြစ်ဖို့တော်တော်သေချာနေပြီ။အဲ့ဒီလူနာကို swab လို့ခေါ်တဲ့ နမူနာယူနေတဲ့အချိန်မှာ လင်းက အဲ့ဒီလူနာအခန်းထဲကို လုံးဝ ကွက်တိရောက်သွားတာ။သူ့နှာခေါင်းထဲကို အဲ့ဒီ တုတ်တံလေး ထိုးထည့်ပြီး သူက ဟပ်ချိုး အခါခါ ချေနေတဲ့အချိန်မှာ လင်းက အဲ့ဒီ အခန်းထဲရောက်သွားတာ ပြန်ထွက်လို့ကလည်း မရတော့ဘူး။လင်းမှာ အကာအကွယ်ဆိုလို့ နှာခေါင်းစည်းတော့ FFP3 သေချာတပ်သွားတယ်။ဒါပေမဲ့ အကာအကွယ် အပြည့်အစုံမဟုတ်ဘူး။ပလပ်စတစ် အကာပါးလေး Apron လက်ပြတ်လေးနဲ့ လက်အိတ်အပါးလေးနဲ့။မျက်မှန်မပါ၊မျက်နှာအကာမပါနဲ့။

အဲ့ဒီထဲက လင်းသိလိုက်ပါပြီ။လင်းတော့ ထိပြီ ဆိုတာ။လူနာက အဖြေပြန်ထွက်လာတော့ ပိုးတွေ့တယ် တဲ့။အဖြေမထွက်ခင်တည်းက ကိုယ်က သိပြီးသားပဲ။ကိုယ့်လူနာ ရာဇဝင်ကြည့်တာနဲ့။(ဒီနေရာမှာ ထပ်ဖြည့်ပြောချင်တာက လင်းဝတ်ထားတဲ့ အကာအကွယ် ပလပ်စတစ်အပါးလေးနဲ့ လက်အိတ်အပါးလေးနဲ့ နှာခေါင်းစည်းလေးနဲ့ဆိုတာ ယူကေကထုတ်ထားတဲ့ လမ်းညွှန်ချက်အတိုင်း ဝတ်ထားတာပါ။ယူကေမှာ အကာအကွယ် PPE မလုံလောက်ပါဘူး။မလုံလောက်တဲ့အကာအကွယ်တွေနဲ့ ကုရတဲ့ဆရာဝန်တွေပါ။ကိုယ့်ကို တနေ့မဟုတ်တနေ့ရောဂါကူးမယ်ဆိုတာကြိုသိပါတယ်။လင်းက သံသယလူနာတွေနဲ့ရောဂါရှိလူနာတွေကို အရေးပေါ်ဌာနမှာ အဓိကတာဝမ်ယူကြည့်ရတဲ့ ဆရာဝန်တစ်ယောက်ပါ။အဲ့ဒီလို တာဝန်ယူကြည့်ဖို့ကိုလည်း လင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရွေးချယ်ခဲ့တာပါ။လင်းတို့မှာ ရွေးချယ်စရာ ၂ ခုပဲရှိပါတယ်။မလုံလောက်တဲ့ အကာအကွယ်တွေနဲ့ အကူးခံပြီး လူနာကြည့်မလား။အကာအကွယ် မလုံလောက်လို့ဆိုပြီး ကိုယ့်ကူးမှာကြောက်လို့လူနာတွေကို မကြည့်ဘဲ နေမလား ဆိုတာပါ။လင်းကတော့ အကူးခံပြီး လူနာတွေကို ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ဒီတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ မို့ရောဂါအကူးခံရလည်း ကျေနပ်တယ်။လင်း ပိုးရှိလူနာနဲ့ သံသယလူနာအများကြီးကို ကူနိုင်ကယ်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် ကျေနပ်ပါတယ်ရှင့်။အကူးခံရလည်းတန်ပါတယ်ရှင့်)

ဒီလိုနဲ့ ချောင်း တစ်ခွန်း နှစ်ခွန်းဆိုးတာ ဆယ်ရက်လောက်ကြာတော့ အခါတိုင်းပုံမှန်လိုဆို လင်းနေပြန်ကောင်းသင့်နေပြီကို လူက ကောင်းမလာဘဲ အစားအသောက်တွေပျက်။အနံ့ကလုံးဝမရ။လင်း အကြိုက်ဆုံး ရေမွှေးဆွတ်တာတောင် ဘာနံ့မှမရ။အစာစားတော့လည်း ဘာအရသာမှမရှိ။ပြီးရင် လူက နုံးချိပြီး အားမရှိသလို ဖြစ်ရော။လင်းက ဆေးရုံမှာ အလုပ်ပင်ပန်းလို့လားပေါ့။အိပ်လိုက်ရင် ကောင်းသွားမှာပါ ဆိုပြီး အိပ်ယာက နိုးတော့လည်း ဘာမှ မလုပ်ရသေးဘဲနဲ့ကို လူကနုံးချိနေတာ။အဖျားတိုင်းရင်လည်း အဖျားက ဘယ်တော့မှ မရှိနဲ့။လင်းက အရင်နှာစေးချောင်းဆိုးက ဘာလို့ဒီလောက်ကြာနေတာလဲပေါ့။အခုလောက်ဆို ပျောက်သင့်နေပါပြီပေါ့။ဆေးရုံကအိမ်ပြန်ရောက်ရင် အသားလေးတွေနာတယ်။နုံးချိတယ်။ချောင်းဆိုးတယ်။ပြီးတော့ ချောင်းဆိုးတာ ပုံစံနည်းနည်းပြောင်းလာတယ်။ချောင်းဆိုးတာ သလိပ်တော့ပါတယ်။အဖြူနဲ့အဝါကြား။ပြီးတော့ တံတွေးပျစ်ပျစ်ချွဲချွဲတွေ။ပြီးတော့ ချောင်းဆိုးရလွန်းလို့ သလိပ်ထဲမှာ သွေးစလေးတွေပါတယ်။နံရိုးတွေနာတယ်။ဒါတွေကို လင်းက အိမ်ကို ပြောလား ဆိုတော့ လုံးဝမပြောပါဘူးနော်။မိဘတွေ စိတ်ပူမှာစိုးလို့ ကြိတ်ခံတာ။သွေးစလေးတွေ မြင်တော့ကြောက်လားဆိုတော့လည်း မကြောက်ဘူး။ပြန်ကောင်းသွားမှာ ဆိုပြီး တကယ် အကြောမာတာ။

ဆေးရုံအလုပ်က ၃ ရက်ဆင်း ၃ ရက်နား ဆိုတော့ ၃ရက်နားရတဲ့နေ့မှာ လူက သိပ်သက်သာမလာ။အနားရတာတောင် အားကပြန်ပြည့်မလာ။အိပ်ယာကနိုးတာ အိပ်ရေးဝတာတောင် အားမရှိ၊နုံးချိ။မနက်စာနဲ့နေ့လည်စာကိုပေါင်းစား။ပြီးရင် ကုတင်ပေါ်ပြန်ရောက်သွား။အိမ်ကဖုန်းပြောမယ် ဆိုပြီး ခေါ်တော့ သမီး အိပ်ချင်လို့ အိပ်တော့မယ်နော် ဆိုပြီး ဖုန်းတောင်မပြောနိုင် ပြန်အိပ်သွား။အခုနကမှ အိပ်ယာနိုးတာမဟုတ်ဘူးလား။ဘယ့်နှယ် ပြန်အိပ်မှာလဲ ဆိုလည်း မသိဘူး။အိပ်မယ် ဆိုတာချည်းပဲ။နောက်တစ်ရက်လည်း အဲ့ဒီလိုပဲ အိပ်ယာထဲမှာ ခွေ။ဒါတောင် နောက်တစ်ရက် အလုပ်ပြန်ဆင်းရမယ် ဆိုတော့ မတ်မတ်လင်းတို့က အလုပ်ကို ရောက်အောင်သွားဆင်းပါသေးတယ်နော်။လူကသာ နုံးချိနေတာ။

အလုပ်ရောက်တော့ လင်းရဲ့ကွန်ဆားတန့်က လင်းကိုမေးတာ။လင်း မင်းနေကောင်းရဲ့လား တဲ့။လင်းက ခပ်တည်တည်ပဲ။လင်း နေကောင်းပါတယ် ဆိုတာက မလျှော့ဘူး။လင်း နည်းနည်း ပင်ပန်းနေလို့ပါ ဆိုပြီး ပြန်ဖြေ။လင်းရဲ့ ကွန်ဆားတန့်က အဲ့ဒီတစ်ခါ ထားလိုက်သေးတယ်။ပြီးတော့ နောက်တစ်ခါ ထပ်မေးတယ်။လင်းရဲ့ မင်းတကယ်နေကောင်းရဲ့လား။မနေ့က အလုပ်ပိတ်တာ လမ်းလျှောက်ထွက်ရဲ့လားတဲ့။အဲ့ဒီတော့ လင်းက လမ်းလျှောက်ထွက်ဖို့နေနေသာသာ လင်း အိပ်ယာထဲကတောင် မထွက်နိုင်ဘူး။အရမ်းနုံးနေလို့ ဆိုပြီး ပြန်ဖြေတော့ သူက လင်းကို မဟုတ်သေးပါဘူး ဆိုတဲ့ အကြည့်တွေနဲ့ကြည့်။ဒါတောင် လင်းက အရေးပေါ်ဌာနထဲထိ လူနာကြည့်မယ် ဆိုပြီး လိုက်သွားသေးတာ။အဲ့ဒါကို ကွန်ဆားတန့်က လင်း မင်းကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံ ပေါက်တယ်။အိမ်ပြန်ပြီးသွားနားချေ။နေကောင်းမှ ပြန်လာခဲ့ဆိုပြီး နှင်ထုတ်တာ။ဒါတောင် လင်းက မပြန်ပါဘူး။ရပါတယ် ဆိုပြီး ပေကပ်နေလို့ မပြန်လို့မရဘူး။မင်း အရေးပေါ် Bleep ငါ့ကိုပေး။မင်းမှာရွေးချယ်စရာ မရှိဘူး။ပြန်ရမယ်။ငါတို့က ရေရှည် အလုပ်လုပ်ရမှာ။မင်း လဲသွားလို့မဖြစ်ဘူး ဆိုပြီး အတင်းပြောတော့မှ အဲ့ဒါဆိုလည်း ပြန်ပါ့မယ် ပေါ့။

လင်းက အိမ်ပြန်ပြီး နားရမယ် ဆိုရင်တော့ လင်း ပိုး ရှိ မရှိ စစ်ကြည့်ဦးမယ်။လင်းရဲ့ နှာစေးချောင်းဆိုးကပဲ မပျောက်သေးတာလား။ကိုရိုနာပဲ ကူးပြီလားပေါ့။ကိုရိုနာတော့ မဟုတ်လောက်ပါဘူးလေ ဆိုပြီး။လင်းတို့ဆေးရုံက တစ်ခုကောင်းတာက ဆေးရုံဝန်ထမ်းတွေကို ပိုးရှိ၊မရှိ ဆိုတာကို ရောဂါလက္ခဏာပြပြီး ၃ ရက်မြောက်နေ့မှာချက်ချင်းစစ်ဆေးပေးတယ်။လင်းတို့ကို သီးသန့်ဖုန်းနံပါတ်လေးပေးထားတယ်။လင်းက သူတို့ကို ဆက်သွယ်ပြီးမေးတော့ လင်းရဲ့ လက္ခဏာတွေက ထူးဆန်းနေတယ်။အပူကြီး ချောင်းဆက်တိုက်ဆိုးတာမျိုးလည်း မဟုတ်ဘဲ ဖြစ်နေတာကလည်း ၂ ပတ်ရှိပြီ ဆိုတော့ ၃ ရက်လည်းမဟုတ် ဆိုတော့ သူတို့လည်း စစ်ပေးရမလို မစစ်ပေးရမလိုနဲ့။နောက် သေချာထပ်မေးတော့မှ လင်း အနံ့မရတာ၊အရသာမသိတာ၊နုံးတာက ၅ ရက်၊အဲ့ဒါတွေက ပြန်သက်သာလာပြီ။အခု အသားလေးတွေနာတာက ၃ ရက်ရှိပြီ ဆိုတော့ သူတို့က လင်းအလုပ်လုပ်တဲ့နေရာက ရောဂါကူးနိုင်ခြေများတဲ့နေရာဆိုတော့ သေချာအောင် စစ်ပေးလိုက်ပါ့မယ် ဆိုပြီး လင်းကို အိမ်မပြန်ခင် မနက် ၁၁ နာရီလောက်မှာ ချက်ချင်းစစ်ပေးလိုက်တယ်။

စစ်တော့လည်း လင်းမှာ အဆူခံရတယ်။စောစော မပြောလို့ ဆိုပြီး။ပြီးတော့ ပိုဆိုးတာက လင်းက လင်းလက်ထဲမှာ ဆေးရုံ Costa ကော်ဖီဆိုင်က ကော်ဖီခွက်ကို လက်ထဲမှာ ကိုင်သွားတာ။စစ်ပေးတဲ့ သူနာပြုက မင်း ကော်ဖီဆိုင်ကို သွားတာလား ဆိုတော့ လင်းက ဟုတ်တယ်။လင်း အလုပ်ဆင်းဖို့ အားရှိအောင် လို့ဆိုပြီး။အဲ့ဒါသူက မင်း ဆရာဝန်လုပ်နေပြီး ဒါလေးတောင် မလုပ်နိုင်ဘူးလား။ရောဂါတွေ ဖြန့်သလို ဖြစ်ကုန်တော့မှာပေါ့။လူထုကိုကျ ရောဂါလက္ခဏာပြရင် အိမ်မှာနေ လို့ တချိန်လုံး ပြောနေပြီး မင်းကကျတော့ ကော်ဖီဆိုင်သွားတယ် ဆိုတော့ ကောင်းကြသေးရဲ့လား ဆိုပြီးကြိတ်တော့ လင်းမှာ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ လင်းမှားပါတယ်။စိတ်မကောင်းပါဘူး။လင်းတောင်းပန်ပါတယ်ဆိုပြီး ပြန်ပြောရတယ်။ဒါပေမဲ့ လင်းဆိုတော့လည်း မနေနိုင်ဘဲ အထွန့်တက်ခဲ့သေးတာ။လင်းက လင်းကိုယ်လင်း ပိုးရှိမယ် မထင်ထားလို့ ကော်ဖီဆိုင် သွားမိတာပါ။အခုလည်း မရှိတာ သေချာအောင် လာစစ်တာ ဆိုပြီး မလျှော့ဘဲ ပြန်ပြောတာ။(လင်းကလျှောက်တော့မသွားပါဘူးရှင့်။အနားရတဲ့ ၃ ရက်လည်းအိမ်ထဲမှာပဲနေတာပါ။ကော်ဖီဆိုင်က ဆေးရုံထဲမှာပါ။ပြီးတော့ ပါဆယ်ပဲ ဝယ်လို့ရပါတယ်ရှင့်။ပြီးတော့ ၃ ပေလည်းခြားပါတယ်ရှင့်။တန်းစီရတာ။ ?)သူနာပြုဆရာမက သေချာ နမူနာယူပေးပါတယ်။လည်ချောင်းထဲကို အရင်ယူ။ပြီးတော့ နှာခေါင်းပေါက် အတွင်းထဲ ထိုးထည့်။နည်းနည်းပဲ နာတာပါ။လင်းကတော့ မျက်ရည်တွေ စီးကျလာတာ။နှာခေါင်းထဲထိုးထည့်လို့ တူပါတယ်။ပြီးတော့ချက်ချင်းတိတ်သွားရော။

ပြီးတော့ သူနာပြုဆရာမက လင်းကို အဖြေက ၄၈ နာရီလောက်စောင့်ရမယ်။အဖြေမရခင် မင်းမှာ ပိုးရှိတယ် လို့ပဲ သဘောထားပြီး ဂရုစိုက်နေရမယ်။အိမ်ထဲက အိမ်ပြင် မထွက်ရဘူး။မင်း အခန်းမှာနေတဲ့ အခန်းဖော်တွေလည်း မထွက်ရဘူး။အခုလည်း ဆေးရုံအတွင်းထဲက ဖြတ်မပြန်ရဘူး။အပြင်ကနေ ပတ်ပြန်ရမယ် ဆိုတော့ လင်းက ဟုတ်ကဲ့ပါပေါ့။ဒါနဲ့ လင်းအိမ်ပြန်။ရေချိုး။အခန်းဖော်တွေကို အကျိုးအကြောင်းပြော။အစားစားပြီး ပြန်အိပ်တော့ လူက နည်းနည်းပြန်လန်းလာ။အဲ့ဒီအချိန် ညနေ ၆ နာရီလောက်မှာ ဖုန်းဝင်လာ။ဆရာဝန်က လင်း မင်းပိုးစစ်ထားတယ်နော်။ဒီနေ့ ဆိုတော့။လင်းက ဟုတ်ပါတယ်ရှင့် ပေါ့။ဒါနဲ့ လင်းရေအဖြေကတော့ ဆိုပြီး ခဏရပ်သွား။ပြီးတော့ စိတ်မကောင်းပါဘူး။မင်းမှာ ပိုးတွေ့ပါတယ် တဲ့ ဆိုတော့ လင်းမှာ အိပ်မက်များလား။မယုံနိုင်ဘူး ပေါ့။လင်းက ဒီအဖြေကို မျှော်လင့်မထားဘူး ဆိုတော့ သူက စိတ်မကောင်းပါဘူး တဲ့။လင်းက ကိစ္စမရှိပါဘူး။လင်းက အခြေအနေ ကောင်းပါတယ်။လင်းက လင်းရဲ့ လူနာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပိုးဖြန့်မိသလို ဖြစ်မှာကိုပဲ စိုးရိမ်တာ ဆိုပြီး ပြန်ဖြေ။လင်းက အရေးပေါ်ဌာနမှာ လုပ်တာမို့ နေ့ချင်းပြီး အမြန်စစ်ပေးတယ်နဲ့ တူပါရဲ့။(လင်းက ရောဂါလက္ခဏာပြပြီး နောက် ၃ ရက်လုံး အိမ်ထဲမှာပဲနေတာပါ။အလုပ်မဆင်းရပါဘူး။နောက်တစ်ရက်အလုပ်ဆင်းတော့ အိမ်ပြန်နားဖို့လုပ်ပြီး ချက်ချင်းစစ်တာပါ။လင်းကမဖျားဘူး။ရောဂါလက္ခဏာကလည်း မသိသာလို့ အလုပ်သွားမိတာပါ။လင်းမှာ ရှိမယ်လို့ မထင်ထားလို့ပါ။သူများတွေကိုလည်း မဖြန့်ခဲ့မိဘူး လို့တော့မျှော်လင့်ပါတယ်။ဖြန့်ခဲ့မိရင်လည်း စိတ်မကောင်းဖြစ်ရုံပါပဲ။တောင်းပန်ချင်မိပါတယ်)

လင်းက ဆေးရုံတက်စရာမလိုတော့ အရေးပေါ်စောင့်ရှောက်မှု 111 center ကရယ်၊ လူထုအခြေပြုကိုရိုနာပိုးရှိလူနာစောင့်ရှောက်မှုအသင်းကရယ် နေ့တိုင်း ဖုန်းဆက်မေးတယ်။လင်း နေလို့ရော ကောင်းရဲ့လား ဆိုပြီး။ဟို Tiktok ထဲကလို နေလို့ရောကောင်းပါတယ် ဆိုတာကိုပဲ ပုံစံအမျိုးစုံနဲ့ဖြေ။သူတို့မေးခွန်းလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။အဓိက မေးတာက လင်းမှာ ဘာရောဂါအခံတွေရှိလဲ။ဆေးလိပ်သောက်လား။လင်းကို စောင့်ရှောက်မဲ့သူ အနီးအနားမှာ အခန်းဖော်တွေရှိလား။(လင်းရဲ့ ခြေရင်းခန်းက အမျိုးသမီးလေးက လင်းကို နေ့တိုင်း စာပို့ပြီးမေးရှာတယ်။ဂရုစိုက်ရှာပါတယ်။သူတို့လည်း လင်းကြောင့် အခန်းပြင်မထွက်ရရှာတော့ဘူး။Isolation မိ။သနားပါတယ်။လင်းအတွက်ကတော့ လင်းနားမှာ အချိန်ပြည့်စောင့်ရှောက်မဲ့သူရှိတာပေါ့။သူ့ကိုတော့ လင်းနဲ့ ဝေးဝေးမှာနေ။လင်းနဲ့မတွေ့မိစေနဲ့ လို့မှာထားတယ်။ကူးမှာစိုးလို့။)ပြီးတော့ လင်းရဲ့ရောဂါလက္ခဏာတွေတိုးတက်မှုရှိလား။ဆုတ်ယုတ်လား မေးရှာတယ်။ပြီးတော့ ဆေးရုံ Health For work ဆိုတဲ့ Occupational health လို့ခေါ်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ဖုန်းဆက်ပြီးမေးတယ်။ဖေဖေနဲ့မေမေကတော့ လင်းကို ကောင်းသွားတဲ့ထိ သေချာနားစေချင်တယ်။အလုပ် မဆင်းရသေးပါဘူးနော် ဆိုပြီး တဖွဖွမှာ။ဟုတ်ကဲ့ လို့ပြန်ဖြေ။ပြီးရင် သူ့သမီးလေးက ဖုန်းဆက်မေးတဲ့ သူတိုင်းကို ဘယ်တော့ အလုပ်ပြန်စဆင်းလို့ရမှာလဲ လို့တချိန်လုံးမေး။သူတို့ကလည်း ၈ ရက်ကျော်ရင် အလုပ်စဆင်းလို့ ရပြီ။မင်းကနေ မကူးနိုင်တော့ဘူး။ဒါပေမဲ့ မင်းမှာ ရောဂါလက္ခဏာလေးတွေ နည်းနည်းကျန်နေသေးတော့ သေချာသွားအောင် နားလိုက်ပါဦး ဆိုပြီး အကြံပေးရှာတယ်။အရေးပေါ်မှာ လုပ်ရမှာ ဆိုတော့ ပင်ပန်းမှာ။နားဦးနော် ဆိုပြီး ပြန်တရားချရှာတယ်။လင်းကတော့ လင်းရဲ့ အဖွဲ့တွေ လင်းမရှိလို့ ပင်ပန်းမှာ ပူတယ်။လင်း လူနာတွေ ဆရာဝန်လိုနေမှာ ပူတယ်။ဪ ကိုယ်လည်း အခုအချိန်မှာ ပိုးရှိ လူနာပါပဲလေ ဆိုပြီး သက်ပြင်းတွေချ၊စိတ်ကိုလျှော့ထားရတယ်။ကိုယ် နေကောင်းကျန်းမာလာပြီး အားပြည့်မှ လူနာတွေကို ကောင်းကောင်းပိုကြည့်နိုင်မှာ ဆိုပြီး အမြန်နေကောင်းအောင် အားမွေးနေရတယ်။

လူကတော့ အခြေအနေ တိုးတက်ကောင်းမွန်မှုရှိပါတယ်။သူငယ်ချင်းတွေကလည်း ဂရုစိုက်တယ်။အသက်ရှူနေသေးလားတို့။အစ်မကြီးအခြေအနေဘယ်လိုရှိလဲ တို့နဲ့။မျက်နှာတွေကပြောင်တာ။သူတို့နဲ့ မပျင်းရဘူး။ပြုံးနေရတယ်။

ဆေးက ဘာသောက်လဲ ဆိုတော့ ဂျင်းနဲ့ ထန်းညက်နဲ့ပြုတ်သောက်တယ်။(မေမေက အတင်းသောက်ခိုင်းလို့။စပ်လိုက်တာ)။ဆားရည်ငုံ ပလုတ်ကျင်းတယ်။Vitamin C high dose နဲ့ Vitamin B complex တွေ Zinc တွေပါတဲ့ ရေဆူဆေးပြားသောက်တယ်။ပါရာစီတမောက ကိုယ်တွေလက်တွေနာလာမှ သောက်တယ်။လင်းမှာ သာမိုမီတာ မရှိဘူး။ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဖျားတယ်လို့တော့ မထင်ဘူး။(သာမိုမီတာက ဝယ်မယ် လုပ်တော့ မမှီတော့ဘူး။ပစ္စည်းတွေ ပြတ်နေပြီ။ဆေးရုံမှာ တိုင်းတုန်းကတော့မရှိဘူး။သာမိုမီတာနဲ့ပါရာစီတမော ယူကေမှာ ပစ္စည်းပြတ်တာ။ကံကောင်းလို့ ပါရာစီတမောလေး ဝယ်လို့ရထားတာ။)ကျန်တဲ့ Hydroxycholoroquine တို့ Azithromycin တို့တော့ လင်းမသောက်ရဘူး။သောက်ချင်တောင် သူတို့ကလည်း မတိုက်ဘူး။လင်းကလည်း မသောက်ချင်ဘူး။အဲ့ဒီဆေးတွေ မသောက်ဘဲတောင် လူက အတော်ကို နုံးချိနေတာ။လင်းကတော့ ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအားကောင်းအောင် လုပ်ပြီးတော့ဘဲ နေပြန်ကောင်းလာအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။

အိပ်တယ်။စားတယ်။အိပ်ယာထဲပြန်ဝင်တယ်။ဘုရားအာရုံပြုတယ်။မေတ္တာပို့တယ်။တရားမှတ်တယ်။ထစားတယ်။အားဆေးသောက်တယ်။အိပ်တယ်။Facebook ကြည့်တယ်။သတင်းတွေဖတ်တယ်။ကိုရိုနာပိုးကို ကုဖို့ဆေးတွေ အကြောင်း၊ကာကွယ်ဆေးတွေ ယူကေမှာ ဒီကြာသပတေးကနေ စစမ်းတော့မယ်ဆိုတဲ့အကြောင်းတွေ ဖတ်တယ်။ရောဂါပိုးနဲ့ပတ်သက်ပြီး တစ်ယောက်တစ်မျိုးစီ တောင်တစ်မျိုး မြောက်တစ်မျိုး အရှေ့တစ်မျိုး အနောက်တစ်မျိုး ပြောနေကြတာတွေ ဖတ်တယ်။အမေရိကားက လူတစ်ယောက်က ကိုရိုနာဗိုင်းရပ်စပ်က ကြောက်ဖို့မကောင်းပါဘူး။ဒါနိုင်ငံရေးကစားတာ။Lockdown ပိတ်ထားတာမကျေနပ်ပါဘူး ဆိုပြီး ဆန္ဒပြတဲ့ ဦးလေးကြီး လည်း အဲ့ဒီ ကိုရိုနာပိုးနဲ့ပဲ ဆုံးသွားတာ စိတ်မကောင်းစွာနဲ့ ဖတ်ရတယ်။ဒါပေမဲ့အတတ်နိုင်ဆုံးတော့ စိတ်ရော ကိုယ်ပါ အေးချမ်းအောင်နေပါတယ်။တနေ့တမျိုး ပြောနေ ပြောင်းနေတဲ့ သတင်း အချက်အလက် အသစ်တွေထဲမှာ စိတ်တွေ လိုက်ပြီး မရှုပ်ထွေးနေတော့ဘူး။သဗေသတ္တာ ကမ္မသကာ ဆိုပြီးတော့ပဲ အစိုးမရခြင်း အကြောင်းများကို တွေးပြီး စိတ်ကို လျှော့ထားတယ်။အဝေရာ ဟောန္တု ဆိုပြီး မေတ္တာပို့တယ်။ဝဋ်ကျွေးဆိုလည်း ကျေပါစေတော့လို့ ဆုတောင်းတယ်။ကပ်ဆိုလည်း ကျော်နိုင်ပါစေတော့လို့ဆုတောင်းတယ်။

လင်းကတော့ ကိုယ့်ကိုကိုယ် ပြန်ကောင်းလာတဲ့ အခြေအနေ Recovery phase ရောက်ပြီ လို့တော့ ယူဆတာပါပဲ။ဒါပေမဲ့ ဒုတိယ အပတ်မှာမှ ရောဂါထဖောက်တတ်တာတွေရှိတယ် ဆိုတော့လည်း ပေါ့လို့တော့ မရသေးဘူးပေါ့။ကိုယ်ကပဲ အားရှိအောင် များများစားပြီး နားပြီး ကုသိုလ်ကောင်းအောင် ဘုရားအာရုံပြုပြီး နေရမှာပေါ့။အခုထိတော့ လင်း ပြန်နေကောင်း ကျန်းမာလာတယ် လို့ဆိုနိုင်ပါတယ်။လင်း နေကောင်းပါတယ် လို့လည်း စိတ်ပူနေတဲ့သူတွေ အကုန်လုံးကို အားပေးနှစ်သိမ့်ချင်ပါတယ်။စိတ်ပူအောင် လုပ်မိလို့လည်း တောင်းပန်ပါတယ်။ကိုရိုနာပိုးကူးမှာ အရမ်းကြောက်နေတဲ့သူတွေကိုလည်း ကြောက်တာတော့ကြောက်ပါ။အရမ်းမကြောက်ကြပါနဲ့။ကိုယ်ခံစွမ်းအားနဲ့တင် နေပြန်ကောင်းအောင် ကြိုးစားလို့ရပါတယ်။၈၀ ရာခိုင်နှုန်းက ပြန်ကောင်းပါတယ်။အရေးကြီးတာက တခြား ကိုယ့်လို ကိုယ်ခံစွမ်းအား မကောင်းတဲ့သူတွေကို ပြန်မဖြန့်မိဖို့မကူးမိစေဖို့ပါဘဲ လို့။ဒါကြောင့် ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေပါ။လက်ကို မကြာခဏဆေးပါ။ကိုယ်ခံစွမ်းအားကောင်းအောင်နေပါ။ကုသိုလ်စိတ်၊မေတ္တာစိတ်နဲ့စိတ်အေးချမ်းအောင်နေပါ။ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားချက်တွေကို လိုက်နာပါ။ဒါဆို ကိုယ့်အတွက်တင် အန္တရာယ်ကင်းရုံမကဘဲ ကိုယ်ချစ်တဲ့သူတွေနဲ့ တစ်ကမ္ဘာလုံးကိုပါ ကူညီကယ်တင်ရာရောက်ပါတယ်နော်။တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းရဲ့ အသိဉာဏ်ပညာမေတ္တာတရားကြီးမားစွာနဲ့ ပူးပေါင်းပါဝင်မှုက ဒီအချိန်မှာ အလွန့်အလွန်ကို အရေးကြီး တန်ဖိုးကြီးလှပါတယ်ရှင့်။တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ စည်းကမ်းလိုက်နာ ပူးပေါင်းပါဝင်မှုကို လည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်း လူနာ တဖြစ်လဲ ဆရာဝန်တစ်ယောက်အနေဲ့ ကျေးဇူးတင်စကား ပြောပါရစေရှင့်။အားလုံးလည်း စုပေါင်းအားနဲ့ ဒီကပ်ရောဂါကြီးကို အလွယ်တကူ ကျော်နိုင် လွှားနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *