မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံရထားသူ Thomas Laszlo Vajda က မြန်မာနိုင်ငံအပေါ် ဆိုးဝါး အန္တရာယ်ရှိသော ဩဇာသက်ရောက်မှု ရှိနေခြင်းကို ကာကွယ်ရန် ကူညီရမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
ပြည်ပရေးရာ လွှတ်တော်ကော်မတီ၏ ကြားနာပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး မြန်မာနှင့် အမေရိကန် ဆက်ဆံရေးသည် အရေးကြီးပြီး မြန်မာနိုင်ငံအပေါ် ဆိုးဝါး အန္တရာယ်ရှိသော သြဇာသက်ရောက်မှုများမှ ကာကွယ်ရေး ကူညီရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်က Vajda ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုပြီးနောက် လွှတ်တော်နိုင်ငံခြားရေးကော်မတီက ကြားနာပွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
ဆိုးဝါးအန္တရာယ်ရှိတဲ့ သြဇာသက်ရောက်မှုတွေ၊ အချုပ်အခြာအာဏာကို ထိခိုက်လာတဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနေတဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့က သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်” ဟု ၎င်းက ကြားနာပွဲတွင် ပြောဆိုခဲ့ပါတယ်။
အစိုးရနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားသူတွေကို အမေရိကန်အနေနဲ့ ဆက်ပြီးတော့ ကူညီရမယ်။ ဒီလို ကူညီခြင်းဖြင့် မြန်မာနိုင်ငံမှာ မမျှတဘဲ ဒေသခံ လူ့အဖွဲ့အစည်းကို အကျိုးနည်းနည်းပဲ ပြုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တွန်းလှန်ရေး လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက ပြောဆိုပါတယ်။
အမေရိကန်သံအမတ်ကြီးအသစ်အနေဖြင့် နာမည်တပ်၍ ညွှန်းဆိုခြင်းမရှိသော်လည်း လေ့လာသူများက သံအမတ်ကြီးအသစ်၏ ပြောဆိုချက်များသည် တရုတ်နိုင်ငံကို ညွှန်းဆိုနေခြင်းဖြစ်သည်ဟု သုံးသပ်ကြပါတယ်။
Mr.Vajda သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ သီရိလင်္ကာ၊ ဘူလ်တန်နှင့်မော်လ်ဒိုက်နိုင်ငံဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးအဖြစ် မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ လက်ထောက်အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အမေရိကန်ကောင်စစ်ဝန်ချုပ် မဖြစ်ခင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။
မကြာသေးမီက ရန်ကုန်ရှိ တရုတ်သံရုံးနှင့် အမေရိကန်သံရုံးတို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြီးအကျယ် အပြန်အလှန်ပုတ်ခတ် ဝေဖန်တိုက်ခိုက်မှုများ လူမှုကွန်ရက်တွင် လုပ်ဆောင်ခဲ့ကြပါတယ်။