တစ် ကမ္ဘာလုံးက မျက်စောင်းထိုး စွပ်စွဲနေတဲ့ Covid-19 ဟာ ဝူဟန်မြို့က လက်တွေ့စမ်းသပ်ခန်းမှ ထွက်ပေါ်လာသည်ဟူသောအဆိုကို ထိုစမ်းသပ်ခန်းကြီးရဲ့ ဒါရိုက်တာ Yuan Zhiming က လုံးဝမဖြစ်နိုင်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ယခုအချိန်မှာတော့ တရုတ်အစိုးရ ရောဂါကူးစက်ခံရမှု ကိန်းဂဏန်းဖော်ပြမှုအပေါ် ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး နိုင်ငံတကာက ဖိအားပေးနေတဲ့အပြင် အမေရိကန်ကလည်း ယခု ရောဂါဟာ တရုတ်ရဲ့ လုံခြုံရေးမြင့် ရောဂါဓာတ်ခွဲစမ်းသပ်ခန်းနဲ့ ရောဂါပိုးတွေထားရှိရာ P4 မှပေါ်ထွက်လာတာလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး တရုတ်ဆေးပညာရှင်ကထပ်မံငြင်းဆိုထားကာ တိရစ္ဆာန် မှတစ်ဆင့် လူသားထံကူးစက်တာလို့ပဲ ပြန်လည်ပြောဆိုနေတာကိုတွေ့ရပါတယ်။
ဒါရိုက်တာ Yuan Zhiming ကပဲ သူတို့ဌာနတစ်ခုလုံး ရောဂါကူးစက်ခြင်းမခံရပဲ Covid-19 ဖြေဆေးနဲ့ ပတ်သတ်ပြီးပဲ ကြိုးစားလုပ်ဆောင်နေကြကြောင်း ပြောပါတယ်။ ဒါ့အပြင် ရောဂါပိုးများစွာကို အသုံးပြုပြီး လေ့လာမှုတွေ ဖြေဆေးတွေ ရှာဖွေတဲ့သူတို့ဌာနဟာ Covid-19 ကို ထုတ်လုပ်ခဲ့ခြင်းဆိုတာ အခြေအမြစ်မရှိဘူးလို့လည်း သူကပြောပါတယ်။ဝါရှင်တန်ပို့စ်လို သတင်းဌာနကြီးတွေကတော့ အမည်မဖော်လိုသူတစ်ဦးရဲ့ သတင်းပေးချက်အရ ရောဂါပိုးဟာ ဓာတ်ခွဲခန်း မှ မတော်တဆ အပြင်ကို ပျံ့နှံ့ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ရောဂါစတင်ပျံ့ပွားချိန်မှာ တရုတ်အစိုးရ ရဲ့ဖုံးဖိထားမှုတွေနဲ့ သေဆုံးမှုကိန်းဂဏန်းကို ကစားနေမှုတွေက စောင့်ကြည့်သူတွေကို သံသယဖြစ်စေခဲ့တာပါ။