ရွှေ့ဆိုင်းထားရတဲ့ ၂၀၂၀တိုကျိုအိုလံပစ်ကို Covid-19 ရောဂါအခြေအနေပေါ်မူတည်ပြီးထပ်မံရွှေ့ဆိုင်းသွားဖို့ရှိတယ်လို့ အိုလံပစ်ကော်မတီက ဧပြီလ ၂၈ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ်မှာကျင်းပမဲ့တိုကျိုအိုလံပစ်ကို Covid-19 ကြောင့် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကို ကနဦးပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ထပ်မံပြောင်းရွှေ့မယ့်အစီအစဉ်နဲ့ပတ်သတ်ပြီး ဂျပန်အိုလံပစ်ကျင်းပရေးကော်မတီအကြီးအကဲဖြစ်သူ Yoshiro Mori ကတော့ ထပ်မံရွှေ့ဆိုင်းဖို့မရှိလောက်ဘူးလို့ဆိုပါတယ်။ အဲ့လိုဖြစ်ပါက ရွှေ့ဆိုင်းတာမျိုးမလုပ်တော့ပဲ ဂျပန်မှာမကျင်းပတော့ဘူးလို့ သူကပြောပါတယ်။ ဒါ့အပြင်ဂျပန်နိုင်ငံဟာ အိုလံပစ်ပြင်ဆင်မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံအထိအသုံးပြုထားပြီး နောက်နှစ်နွေရာသီမှာ ကျင်းပဖြစ်မယ်လို့မျှော်လင့်တယ်လို့လဲ သူကထပ်မံပြောကြားပါတယ်။
တကယ်တော့ ဂျပန်နိုင်ငံဟာအိုလံပစ်ပွဲကို ယခုနှစ်မှာကျင်းပချင်တာပါ။ အားကစားသမားတွေနဲ့ နိုင်ငံအချို့ရဲ့ အားကစားအဖွဲ့တွေကန့်ကွက်တောင်းဆိုမှုကြောင့် နောက်နှစ်ကိုရွှေ့ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။ ဂျပန်အားကစားအဖွဲ့အစည်းက ကျင်းပဖို့အားသန်နေပေမဲ့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကတော့ရောဂါပိုးအရှိန်မသေသေးပဲ အိုလံပစ်ကိုကျင်းပပါက သူတို့အနေနဲ့ ထိန်းချုပ်ဖို့အလွန်ခက်ခဲလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါဟာ ဂျပန်အနေနဲ့ အိုလံပစ်ကို မလုပ်သင့်တော့ဘူးလို့ပြောနေတာမဟုတ်ပါဘူး။ ကျန်မာရေးဝန်ထမ်းတွေအတွက် ထိန်းချုပ်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်သွားမှာကို ပြောချင်တာပါလို့ဂျပန်ကျန်းမာရေးအဖွဲ့အစည်းအကြီးအကဲ Yoshitake Yokokura ကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Mr. Yokokura ကပဲ ဂျပန်အစိုးရအနေနဲ့ ရောဂါပိုးစစ်ဆေးမှုတွေကို ထပ်မံအရှိန်မြင့်သင့်ကြောင်းအကြံပေးထားပါသေးတယ်။ နောက်တစ်ချက်ကတော့ ဆေးရုံတွေမှာ PPE ပျက်လက်မဲ့အရေးကို ကြိုတင်ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာ့လူဦးရေ ၃သန်းအထိ ကူးစက်ခံနေရပြီးသေဆုံးသူ ၂သိန်းကျော်နေပြီဖြစ်တဲ့ Covid-19 ဟာ အချိန်ကြာကြာတည်ရှိနေနိုင်သေးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကသုံးသပ်နေကြတာလည်းဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားက ကျန်းမာရေးဓါတ်ခွဲခန်းတွေဟာ ရောဂါကာကွယ်ဆေးအတွက် လုံးပန်းနေကြပြီး ဆေးပေါ်ပေါက်ခဲ့ရင်တောင်စတင်အသုံးမပြုနိုင်ခင် စမ်းသပ်စစ်ဆေးမှုတွေ လနဲ့ချီလုပ်ဆောင်ရအုံးမှာပါ။တနင်္လာနေ့က တွေ့ရှိခဲ့တဲ့ ကူးစက်ခံရသူ ၃၉ ဦးဟာ ဂျပန်နိုင်ငံအတွက် မတ်လ ၃၀ ရက်နေ့ကစလို့ အနည်းဆုံးတွေ့ရှိမှုဖြစ်ပြီး ဂျပန်နိုင်ငံတွင်းစုစုပေါင်းကူးစက်ခံရသူ ၁၃,၆၁၄ ဦးရှိပြီဖြစ်ကာ သေဆုံးသူကတော့ ၃၉၄ ဦးဖြစ်ပါတယ်။ ဂျပန်ရဲ့ ရောဂါပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းဟာ အခြားနိုင်ငံကြီးတွေနဲ့ယှဉ်ရင် အရေအတွက်နည်းနေပေမယ့် ဂျပန်အာဏာပိုင်တွေဟာ ရောဂါစစ်ဆေးမှုကို ထိထိရောက်ရောက်မလုပ်ဆောင်နေကြဘူးလို့ ဝေဖန်သူတွေရှိနေခဲ့တာပါ။