Covid-19 ကြောင့်အမေရိကန်ပြည်သူသေဆုံးမှုဟာ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သည်သေဆုံးမှုထက်ပိုမိုများပြားလာ

Posted on

ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွေအရ အမေရိကန်နိုင်ငံအတွင်း Covid-19 ကြောင့်သေဆုံးသူဦးရေဟာ ဗီယက်နမ်-အမေရိကန်စစ်ပွဲအတွင်း အမေရိကန်စစ်သည်သေဆုံးဦးရေ ၅၈,၂၂၀ ဦးထက်ပိုမိုများပြားလာတာကို တွေ့ရပြီး ကူးစက်ခံရသူဦးရေ ၁ သန်းအထိရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၈ ရက်အတွင်းမှာ ကူးစက်ခံရသူဦးရေဟာ နှစ်ဆဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူဦးရေရဲ့ သုံးပုံတစ်ပုံအထိဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ ဒါတောင် မြေပြင်အခြေအနေအရ သေဆုံးသူဦးရေပိုမိုများပြားနေနိုင်သေးတယ်လို့ ခန့်မှန်းနေကြပါသေးတယ်။

အမေရိကန်နိုင်ငံအတွင်းမှာတော့ နယူးယောက်ခ်ပြည်နယ်ဟာ ကူးစက်ခံရသူနဲ့ သေဆုံးသူအများဆုံးဖြစ်ကာ တစ်နိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။ သူ့နောက်မှာတော့ နယူးဂျာစီ၊ မန်ဆာချူးဆက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံမှာCovid-19 ဖြင့်လူနာတစ်ဦးစတင်သေဆုံးခဲ့ပြီး မနေ့ကဧပြီလ ၂၈ ရက်နေ့မှာတော့ သေဆုံးသူ ၅၈,၂၃၃ ဖြစ်သွားခဲ့တာပါ။

ဝါရှင်တန်တက္ကသိုလ် ရဲ့ခန့်မှန်းတွက်ချက်မှုအရဆိုရင် သြဂုတ်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံအတွင်းသေဆုံးသူ ၇၄,၀၀၀ ဦးအထိရှိလာနိုင်တယ်ဆိုပေမယ့် သူတို့ရဲ့ တွက်ချက်မှုနောက်တစ်ခုအရ ဧပြီလ ၂၂ ရက်နေ့မှာ သေဆုံးသူဦးရေ ၆၇,၆၀၀ ရှိမယ်လို့ခန့်မှန်းထားတာရှိခဲ့ပါတယ်။ ဆိုလိုရင်းကတော့ သေဆုံးသူဦးရေဟာ ခန့်မှန်းထားသလောက်မများနိုင်ပေမယ့် သတိတော့ထားရမယ့်အခြေအနေပါ။

တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင်လည်း ကူးစက်ခံရသူ ၃သန်းကျော်ရှိပြီဖြစ်ကာ ကမ္ဘာမှာ လူဦးရေ တတိယအများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ကူးစက်ခံရမှုနှုန်းဟာ အီတလီ၊စပိန်နဲ့ပြင်သစ်တို့ထက် ငါးဆလောက်ပိုများနေတာကိုလည်းတွေ့ရပါတယ်။ သို့သော်လည်း နိုင်ငံလူဦးရေအနည်းအများရဲ့အချိုးနဲ့တွက်ချက်ကြည့်ရင်တော့ အမေရိကန်ဟာ အဆင့်ငါးလောက်မှာပဲရှိပြီး လူဦးရေနည်းပြီး ကူးစက်ခံရသူပိုများနေတဲ့ အီတလီ၊စပိန်နဲ့ပြင်သစ်တို့အောက်မှာရှိပါတယ်။ ဥပမာ အမေရိကန်လူဦးရေ ၁ သောင်းမှာ ကူးစက်ခံရသူ ၃၀ ဦးသာရှိပြီး စပိန်လူဦးရေ ၁သောင်းမှာ ကူးစက်ခံရသူ ၄၈ ဦးနှုန်းရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ရဲ့ Covid-19 သေဆုံးမှုနှုန်းဟာ ဗီယက်နမ်စစ်ပွဲအတွင်းသေဆုံးမှုနှုန်းထက်များနေတာတင်မဟုတ်ပဲ လတ်တလောနှစ်တွေက ရာသီတုတ်ကွေးကြောင့်သေဆုံးသူဦးရေထက်ကို များပြားနေပါသေးတယ်။ သို့သော်လည်း ၁၉၆၇ ခုနှစ်က အမေရိကန်နိုင်ငံမှာ ရာသီတုတ်ကွေးကြောင့်သေဆုံးသူဦးရေ ၁သိန်းအထိရှိခဲ့ပြီး ၁၉၁၈ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ စပိန်အဖျားရောဂါဟာလည်း အမေရိကန်ပြည်သူ ၆၇၅,၀၀၀ အထိသေဆုံးစေခဲ့ပါတယ်။

ယခုလိုသေဆုံးမှုနှုန်းတွေနဲ့အတူ အမေရိကန်ပြည်နယ်တချို့ဟာ ပြည်သူတွေရဲ့စီးပွားရေးနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်နေကြပေမယ့် Covid-19 ရဲ့ဒုတိယလှိုင်းကို ကာကွယ်တဲ့အနေနဲ့ အချို့ ပြန်လည်ဖွင့်လှစ်မှုတွေကို ရပ်ဆိုင်းထာဖွယ်လည်း ရှိပါတယ်။၎င်းနဲ့ပတ်သတ်ပြီး နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ” ကျွန်တော်ပြည်သူတွေဆီက အသံကိုကြားပါတယ်။ ကျွန်တော်လည်းစီးပွားရေးတွေကို ပြန်ဖွင့်ပေးချင်ပါတယ်။ သို့ပေမယ့် စီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်ပေးခြင်းဟာ ကူးစက်လူနာပိုများလာစေပြီး ဆေးရုံဆေးခန်းတွေမနိုင်မနင်းဖြစ်လာစေမယ်ဆိုရင်တော့ ကျွန်တော်ရပ်တန့်ကောင်းရပ်တန့်ထားရလိမ့်မယ်” လို့ပြောကြားသွားခဲ့ပါတယ်။Covid-19 ကိုရှေ့တန်းက ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်လေတပ်နဲ့ ရေတပ်လေယာဉ်တွေဟာ နယူးယော့ခ်မြို့ကောင်းကင်ယံမှာ ပျံဝဲခဲ့ကြပြီး နယူးဂျာစီ နဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်တွေဆီမှာလဲ ပျံဝဲခဲ့ကြတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *