COVID-19 ကြောင့် ကမ္ဘာပေါ်မှာအခြေအနေတွေပြောင်းလဲနေချိန် အာကာသယာဉ်မှူးများပြန်လည်ရောက်ရှိ

Posted on

နာဆာအာကာသယာဉ်မှူးနှစ်ဦးနဲ့ ရုရှားအာကာသယာဉ်မှူး တစ်ဦးတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် အခြေအနေတွေပြောင်းလဲနေတဲ့ ကမ္ဘာမြေပြင်ပေါ်ကို သောကြာနေ့က အောင်မြင်ချောမောစွာနဲ့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ကို မတ်လမှာ ကမ္ဘာလုံးဆိုင်ရာကူးစက်မြန်ကပ်ရောဂါအဖြစ် ကြေငြာပြီးတဲ့နောက် အာကာသယာဉ်မှူးတွေဖြစ်တဲ့ အင်ဒရူးမော်ဂန်၊ ဂျက်စီကာမေယာနဲ့ အိုလက်စခရီပိုခ်ျကာတို့ဟာ ကာဇက်စတန်အလယ်ပိုင်းကို ဧပြီ ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၅ နာရီ ၁၆ မိနစ်မှာ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မော်ဂန်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက နိုင်ငံတကာ အာကာသစခန်း (ISS) ကိုရောက်ရှိနေတာဖြစ်ပြီး မေယာနဲ့ စခရီပို့ခ်ျကာတို့က စက်တင်ဘာလကမှ ရောက်ရှိခဲ့တာပါ”မြေပြင်ပေါ်ကို ဆင်းသက်လာကြပါပြီ ၊ အင်ဒရူးမော်ဂန်၊ ဂျက်စီကာမေယာနဲ့ အိုလက်စခရီပိုခ်ျကာတို့ကို ကြိုဆိုပါတယ်” လို့ ရုရှားအာကာသအေဂျင်စီ Roscosmos က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ဆိုယုအာကာသယာဉ်အခန်းငယ်နဲ့ လေထီးအသုံးပြုပြီး ဆင်းသက်တာကို ကူးစက်ရောဂါအခြေအနေနဲ့ ဆက်စပ်တဲ့ နည်းပညာဆိုင်ရာအကန့်အသတ်တွေကြောင့် live မပြသနိုင်တာဖြစ်တယ်လို့ ရုရှားအာကာသအေဂျင်စီ ကပြောပါတယ်။Soyuz MS-15 ထဲကထွက်လာတဲ့ အာကာသယာဉ်မှူးတွေဟာ မျက်နှာ နှာခေါင်းစည်းနဲ့ လက်အိတ်တွေ ဝတ်ဆင်ထားကြပါတယ်။

အရင်ကလို ကာဇက်စတန်အရှေ့တောင်ဘက် ဂျက်ဇ်ကာဇန်မြို့မှာ ဆင်းသက်ခဲ့ပေမယ့် ကူးစက်ရောဂါကြောင့် မစ်ရှင်အဆုံးသတ်ပရိုတိုကော ကတော့ မတူခဲ့ပါဘူး။လေဆိပ်တွေပိတ်ထားတဲ့အတွက် ခါတိုင်းလို ကာရာဂန်ဒါလေဆိပ်ကနေတစ်ဆင့် အိမ်ပြန်လို့မရတော့ပါဘူး။ စခရီပို့ခ်ျကာက ဘိုင်ကိုနော့အာကာသစခန်းကနေ လေယာဉ်နဲ့ပြန်မှာဖြစ်ပြီး နာဆာအာကာသယာဉ်မှူးနှစ်ယောက်ကတော့ နာရီပေါင်းများစွာကားစီးပြီးမှ ကစ်ဇစ်လော်ဒါမြို့ကနေ လေယာဉ်စီးပြန်မှာဖြစ်ပါတယ်။အောက်တိုဘာလတုန်းက အာကာသထဲလမ်းလျှောက်ပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးနှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဂျက်ဆီကာမေယာက “တစ်ဦးနဲ့တစ်ဦးခပ်ခွါခွါနေရမယ်ဆိုတဲ့ စည်းမျဉ်းတွေကြောင့် မိသားစု၊ မိတ်ဆွေတွေနဲ့ ပွေ့ဖက်နှုတ်ဆက်ဖို့ ခက်ခဲလိမ့်မယ်၊ ကမ္ဘာပေါ်မှာနေရတာ ပိုအထီးကျန်တယ်လို့ ခံစားရနိုင်တယ်” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *