COVID-19 ဖြစ်စဉ် အခြားနိုင်ငံများထက် လူထုပါဝင်မှုမြင့်မားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Posted on

COVID-19 နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူထုပါဝင်မှုမြင့်မားပြီး တတ်နိုင်သမျှကူညီကြခြင်းအပေါ် ကျေးဇူးတင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ လက်တွေ့အခြေအနေ များကိုအပြန်အလှန် ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လူထုပါဝင်မှု မြင့်မားကြောင်း၊ တတ်နိုင်သမျှ ကူညီကြခြင်းမှာ လွန်စွာတန်ဖိုးရှိသည့် အလေ့အထဖြစ်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ထို့အပြင် တတ်နိုင်သမျှ လုပ်ဆောင်ပေးရန်နှင့် ပြည်သူများ နားလည်အောင် ကြိုးစားပေးရန် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်တိုက်တွန်းသည်။

လက်ရှိတွင် ကမ္ဘာ့တဝန်း၌ တစ်ဦးချင်းစီက မိမိကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးနှင့် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် မနေထိုင်ရေးမှာ အရေးကြီးကြောင်းနှင့် Quarantine (၁၄) ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

Quarantine (၁၄) ရက်ကာလကို အခက်အခဲဟု ရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု COVID-19 ကပ်ရောဂါကို မည်သို့မှ ကျော်လွှားနိုင်မည်မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည် ဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေထိ မပြန့်ပွားစေရန် ထိန်းချုပ်ထားနိုင်မည်ဆိုပါက စိန်ခေါ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ထို့အပြင် အတူတကွ လက်တွဲရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမို ခိုင်မာလာမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေးနွေးမှု အပြည့်အစုံကို ယနေ့ည (၈) နာရီသတင်းအပြီး တွင် နိုင်ငံပိုင်ရုပ်သံ MRTV က ထုတ်လွှင့်မည်ဟု အတိုင်ပင်ခံရုံးက ကြေညာသည်။

Leave a Reply

Your email address will not be published. Required fields are marked *