ရှားရှားပါးပါး ထုတ်ပြန်ချက်တစ်ရပ်မှာ အစ္စရေးစစ်တပ်ဟာ ဆီးရီးယား စစ်ရေးပစ်မှတ်တွေကို တနင်္လာနေ့က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုလာပါတယ်။ ဒီ တိုက်ခိုက်မှုတွေကို ဆီးရီးယားနိုင်ငံပိုင် မီဒီယာကလည်း ဝန်ခံပြီး ဒမတ်စကပ်နားက စစ်စခန်းတွေမှာ မသိရသေးတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။
ဗုံးခွဲရန် ကြိုးစားတာကို လက်တုံ့ပြန်ပြီး ခုလို လေကြောင်းတိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ် IDF က ဆိုပါတယ်။
ပြီခဲ့တဲ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဂိုလန်ကုန်းမြင့်က အစ္စရေး သိမ်းပိုက်နယ်မြေအနီးမှာ ဗုံးထောင်သူလေးဦးကို ပစ်သတ်ခဲ့ရတယ်လို့ IDF က ပြောပါတယ်။
အဲဒီလို ဗုံးထောင်ဖောက်ခွဲဖို့ လုပ်တဲ့ အုပ်စုဟာ ပေါက်ကွဲမှုတစ်ရပ်အတွင်း လွင့်စင်သေဆုံးသွားတာကို ထောက်လှမ်းရေးကင်မရာတွေမှာ မြင်တွေ့ရပါတယ်။
အဲဒီ လေးဦးဟာ တိကျတဲ့ အဖွဲ့အစည်းတစ်ရပ်က အဖွဲ့ဝင်တွေလားဆိုတာကို ပြောဖို့ စောလွန်းသေးပေမယ့် ဒီ ကိစ္စမှာ ဆီးရီးယား အစိုးရ တာဝန်ရှိတယ်လို့ အစ္စရေးက မှတ်ယူတယ်လို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဂျိုနသန်ကွန်ရီကပ်က ပြောပါတယ်။
တနင်္လာနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ကူနိုက်ထရာက ဆီးရီးယားစစ်စခန်းက ထောက်လှမ်းရေးစခန်းတွေ၊ စောင့်ကြည့်ရေးစနစ်တွေ၊ လေယာဉ်ပစ်အမြောက်စခန်းတွေနဲ့ ကွပ်ကဲရေးနဲ့ ထိန်ချုပ်ရေးစနစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်တယ်လို့ IDF က ဆိုပါတယ်။
“ဆီးရီးယားမြေပေါ်က လှုပ်ရှားမှုအားလုံးကို ဆီးရီးယားအစိုးရက တာဝန်ခံရမယ်လို့ပဲ အစ္စရေးက စွဲမြဲထားတယ်။ အစ္စရေးရဲ့ အချုပ်အခြာကို ဘယ်လို ချိုးဖောက်မှုမျိုးကိုမဆို ကြံ့ကြံ့ခိုင်ခိုင် စစ်ဆင်သွားမှာ ဖြစ်တယ်။”လို့ IDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့တော် ဒမတ်စကပ်အနီးက ရန်သူပစ်မှတ်တွေ ကာကွယ်ပြီး တနင်္လာနေ့နှောင်းပိုင်းမှာ ဆီးရီးယား စစ်တပ်ဟာ ၎င်းရဲ့ လေရန်ကာစနစ်ကို တပ်ဖြန့်ခဲ့တယ်လို့ နိုင်ငံပိုင် ဆာနားသတင်းဌာနက ဖော်ပြပါတယ်။
Rf; BBC
Writer_ မောင်သံဆင့် ( YGN Times )