Live လွှင့်ပြီး ရဲတပ်ဖွဲ့ကို ညစ်ညမ်းစွာဆဲဆိုမှု၊ လူအုပ်စုဖြင့် စားသောက်ဆိုင်အတွင်း ဝင်ရောက်ရမ်းကားမှုတို့ဖြင့် AAC မှ ရဲမင်း အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးအမှုဖွင့်

Posted on

Live လွှင့်ပြီး ရဲတပ်ဖွဲ့ကို ညစ်ညမ်းစွာဆဲဆိုမှု၊ အရက်သေစာ သောက်စားကာ လူအုပ်စုဖြင့် စားသောက်ဆိုင်အတွင်း ဝင်ရောက် ရမ်းကားမှုတို့ဖြင့် AAC မှ ရဲမင်း အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီး အမှုဖွင့်လိုက်ကြောင်း မြဝတီရဲတပ်ဖွဲ့မှ သိရသည်။ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်သော AAC အဖွဲ့မှ ရဲမင်း အပါအဝင် ၆ ဦးသည် ဧပြီ ၁၆ ရက်နေ့က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ ကျောက်လုံးကြီး အောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု (ကူးစက်ရောဂါကြောင့် ယာယီပိတ်ထား)သို့ သွားရောက်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူ တစ်စုံတစ်ဦးမှ မပါဘဲ ခြံတံခါး ဖွင့်ခိုင်းပြီး ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း အချိန်တွင် ၎င်းတို့ ၆ ဦးမှာ အရက်သေစာ သောက်စားထားပြီး တုတ်ကိုယ်စီ ကိုင်ထားကြောင်း ကာယကံရှင် ဆိုင်ပိုင်ရှင်ဖြစ်သူ၏ တိုင်ကြားစာအရ သိရသည်။

ယင်းဆိုင်သို့ မဝင်ခင် Ye Min ဟူသော ဖေ့ဘွတ်အကောင့်မှ “မြဝတီက ဖာရုံတွေကို မပိတ်လို့ မြဝတီမြို့ခံတွေက ပူးပေါင်းဖမ်းဆီးပေးနေ” ဟူသော ခေါင်းစဉ်ဖြင့် Live လွှင့်ကာ ရဲတပ်ဖွဲ့ဝင်များကို ညစ်ညမ်းစွာ ဆဲဆိုမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ AAC မှ ရဲမင်း အပါအဝင် သူရိန်မင်းထွန်း၊ အောင်ကျော်စိုး၊ ထွန်းထွန်း၊ ဝင်းနိုင်၊ စောလမင်း စသည့် ၆ ဦးကို ဆိုင် ပိုင်ရှင်က ကျူးကျော် ဝင်ရောက်မှုဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့ရာ ရဲစခန်းတွင် (ပ) ၃၄၆ /၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၁၊ ၄၅၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

အလားတူ ဖေ့ဘွတ် Live လွှင့်ပြီး ရဲတပ်ဖွဲ့ဝင်များကို ညစ်ညမ်းစွာ ဆဲဆိုမှုအတွက် ရဲမင်း နှင့် သူရိန်မင်းထွန်းတို့ကို ရဲစခန်းတွင် (ပ)၃၄၇/ ၂၀၂၀ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *