အီရန်ရေယာဉ်တွေရဲ့ လုံခြုံရေးကို အန္တရာယ်ပြုလာခဲ့ရင် အမေရိကန်စစ်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရေတပ်ကို ညွှန်ကြားချက်ထုတ်ထားပြီလို့ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ပေါင်းစု IRGC အကြီးအကဲက ကြာသပတေးမှာ ပြောပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ပင်လယ်ပြင်မှာ ကျုပ်တို့ရဲ့ သင်္ဘောတွေကို အနှောင့်အယှက်ပေးလာရင် အီရန် တိုက်ရေယာဉ်အားလုံးကို ပစ်ခတ်ဖျက်ဆီးပစ်ဖို့ အမေရိကန် ရေတပ်ကို ညွှန်ကြားချက် ထုတ်ထားတယ်။”လို့ ပြောဆိုလာပြီးနောက်တစ်နေ့မှာပဲ အီရန်ရဲ့ လက်တုံ့ပြန်တဲ့ အခုညွှန်ကြားချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
အာရေဗျပင်လယ်ကွေ့မှာ အီရန်တိုက်ရေယာဉ်တွေက အနှောင့်အယှက်ပြုတယ်လို့ အမေရိကန်က စွပ်စွဲရင်း ခုလို ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။“ကျွန်တော်တို့ ပင်လယ်ပြင်က တပ်ယူနစ်ဆီ ညွှန်ကြားချက် ထုတ်ထားတယ်။ ရေတပ်က ရှပ်ပြေးယာဉ် ဒါမှမဟုတ် တိုက်ခိုက်ရေးတပ်ရင်းဟာ ကျုပ်တို့ရဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ကာကွယ်ပေးဖို့ ဆိုရင် ပစ်မှတ်ချိန်ထားဖို့ အသင့်ရှိနေရမှာ ဖြစ်တယ်။”လို့ အီရန် ဗိုလ်ချုပ်ကြီး ဟူစိန်ဆာလာမီက ပြောကြောင်း နိုင်ငံပိုင် ISNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“အမေရိကန်ကို ကျုပ်တို့ ကြေညာတယ်။ ကျုပ်တို့ဟာ ကျုပ်တို့ နိုင်ငံရဲ့ လုံခြုံရေး၊ ရေပြင်နယ်နမိတ်နဲ့ ရေကြောင်း အကျိုးစီးပွားရေးကို ကာကွယ်ရာမှာ လုံးဝကို စိတ်ပိုင်းဖြတ်ထားတယ်။”လို့ ၎င်းက ပြောပါတယ်။
အာရေဗျပင်လယ်ကွေ့မှာ ရေတပ်ထိပ်တိုက်တွေ့ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်ဟာ အပြန်အလှန် အပြစ်ဖို့ရင်း အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။အမေရိကန်က အတည်ပြုပြောရာမှာ အီရန်တိုက်ရေယာဉ် ၁၁စင်းက အန္တရာယ်ရှိလောက်အောင် ချည်းကပ်လာပြီး နှောင့်ယှက်ကြောင်း ပြောဆိုထားပေမယ့် အီရန်ဖက်က ငြင်းဆန်ပြီး ထိပ်တိုက်တွေ့မှုကို အမေရိကန်က အစပျိုးတာလို့ ဆိုပါတယ်။
အီရန်မှာ ပင်လယ်ပြင်က ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ဆာလာမီက ပြောပါတယ်။
“ပြီးခဲ့တဲ့ အပတ်က ကျုပ်တို့ စောင့်ကြည့်ရာမှာ အမေရိကန်ရေတပ်ဟာ စည်းကမ်းမညီဘဲ ပင်လယ်ပြင်မှာ အော်ပရေးရှင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အရေး ရင်ဆိုင်နေရချိန်မှာ အမေရိကန်ဟာ စစ်ရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတာလို့ အီရန်က ရှုမြင်ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။