ကိုရိုနာဗိုင်းရပ်စ် ထိခိုက်ပျက်စီးမှုတွေအတွက် ပေါင် ၁၃၀ ဘီလီယံ လျော်ကြေးပေးဖို့ တရုတ်ကို ဂျာမနီ တောင်းဆို

Posted on

ကမ္ဘာ့ကပ်ဘေးအတွက် တရုတ်မှာ တာဝန်ရှိပြီး ပေါင် ၁၃၀ ဘီလီယံတောင် နစ်နာကြေးပေးရမယ်လို့ ဂျာမနီနိုင်ငံက အသံဟစ်လာပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ်အရေးမှာ တရုတ်အပေါ် ထိုးနှက်ကြတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုမှာ ပါဝင်လာခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရဲ့ ထိခိုက်မှုတွေအတွက် တရုတ်ဟာ ဂျာမနီပေါ်မှာ ပေါင် ၁၃၀ ဘီလီယံ အကြွေးတင်နေပြီလို့ အဓိကသတင်းစာကြီးတစ်စောင်က ဖော်ပြပြီးနောက်မှာ တရုတ်နိုင်ငံအတွင်း ဂျာမနီအပေါ် စိတ်ဆိုးဒေါသထွက်မှုတွေ ဖြစ်ပွားလာပါတယ်။


ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်အပေါ် ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်တို့က စိတ်ဆိုးဒေါသထွက်ကြရာမှာ ဂျာမနီကပါ ပါဝင်လာခဲ့တော့တာ ဖြစ်ပါတယ်။ တရုတ်ဟာ ဗိုင်းရပ်စ်ကပ်ဘေးရဲ့ အတိုင်းအတာအမှန်ကို ဖုံးကွယ်ထားပြီး ကူးစက်ဖြစ်ပွားမှု ဇစ်မြစ်ဟာလည်း ပဟေဠိဖြစ်နေတာကြောင့် မကြာသေးမီက တရုတ်အပေါ် ထိုးနှက်ပြောဆိုလာခဲ့ကြတာပါ။
ပြီးခဲ့တဲ့ စနေနေ့မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ဖွင့်ထုတ်ပြောဆိုရာမှာ ပျက်ကွက်မှု ရှိခဲ့တယ်ဆိုရင် တရုတ်အနေနဲ့ နောက်ဆက်တွဲ တာဝန်ခံရသင့်တယ်လို့ သတိပေးပြောပါတယ်။ဗိုင်းရပ်စ်က တရုတ်မှာ ရပ်တန့်ရင် ရပ်တန့်နေမယ်။ ဒါပေမယ့် တကမ္ဘာလုံးကတော့ ရင်ဆိုင်နေရတယ်။”ဟု သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။

“တကယ်လို့ တရုတ်က အမှားလုပ်ခဲ့ရင် မှားတာက မှားတာပဲ။ ဒါပေမယ့် တာဝန်ခံပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက ပြောသလို ဝူဟန် သားငါးဈေးက ထွက်ပေါ်လာတာမဟုတ်ဘဲ အနီးရှိ ဓာတ်ခွဲခန်းက ထွက်ပေါ်လာခဲ့တာဖြစ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို ဗြိတိန်ကလည်း သံယောင်လိုက်လာခဲ့ပါတယ်။ဂျာမနီနိုင်ငံက အကြီးဆုံး Bild သတင်းစာကြီးရဲ့ အယ်ဒီတာအာဘော်မှာ တရုတ်အပေါ် ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး ထိုးနှက်ရေးသားကာ ဂျာမနီအတွက် ပေါင် ၁၃၀ ဘီလီယံ နစ်နာကြေး ပေးသင့်တယ်လို့ ရေးသားဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *