Remdesivir ဆေးဟာ Covid-19 အတွက် ကုထုံး ဖြစ်လာနိုင်တယ်လို့  အမေရိကန် ကြေညာ

Posted on

လတ်တလော စမ်းသပ်နေတဲ့ Remdesivir ဆေးဝါးဟာ Covid-19 ရောဂါသည်တွေကို ကုသရာမှာ အတော်လေး ကောင်းမွန်တဲ့ ရလဒ်မျိုးတွေ ပြသခဲ့ကြောင်း အမေရိကန် ထိပ်တန်း ကျန်းမာရေး ပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ ကျန်းမာရေး အရာရှိ ဒေါက်တာ အန်သိုနီ ဖော်စီက Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ကို Remdesivir ဆေးဝါးက ပုံမှန်ထက် တိုတောင်းတဲ့ အချိန်ကာလ တစ်ခုအတွင်း ချေဖျက်ပစ်နိုင်တယ်လို့ ယေဘုယျ ယူဆနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။အမေရိကန် ဆေးသုတေသန ကုမ္ပဏီကြီး Gileadက ထုတ်လုပ်တဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ဆေးဟာ Covid-19 ရောဂါကို ကုသရာမှာ စံနှုန်းသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာ ဖော်စီက ပြောပါတယ်။

စမ်းသပ်အဆင့်မှာ ဒီဆေးနဲ့ ပတ်သက်လို့ သတင်းကောင်းတွေ ကြားထားရကြောင်း၊ ရောဂါသည်တွေ ပြန်ပြီး နာလန်ထလာတဲ့ အခြေအနေအတွက် Remdesivir ဆေးဝါးဟာ အပေါင်းလက္ခဏာဆန်တဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်ရကြောင်း ဒေါက်တာဖော်စီက ဧပြီ ၂၉ ရက်၊ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ပျမ်းမျှအနေနဲ့ Covid-19 လူနာ တစ်ယောက်ဟာ ရောဂါပျောက်ကင်းပြီး ပြန်ကျန်းမာလာတဲ့ထိ ၁၅ ရက်လောက် အချိန်ယူရကြောင်း၊ Remdesivir ဆေးဝါးနဲ့ ကုသတဲ့အခါ ၁၁ ရက်လောက်နဲ့တင် ထူထူထောင်ထောင် ဖြစ်လာနိုင်ကြောင်းလည်း ဒေါက်တာဖော်စီက ရှင်းပြခဲ့ပါတယ်။

ဒီဆေးဟာ ရောဂါကြောင့် သေဆုံးနိုင်ခြေကို ဘယ်လောက် အတိုင်းအတာထိ လျှော့ချနိုင်မလဲဆိုတဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုတော့ နောက်ဆက်တွဲ လေ့လာ ဆန်းစစ်ဦးမယ်လို့ ဒေါက်တာ ဖော်စီက ဆိုပါတယ်။အမေရိကန် အမျိုးသား ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သုတေသန ရလဒ်တွေမှာတော့ ဒီဆေးနဲ့ စမ်းသပ် ကုသတဲ့ လူနာတွေမှာ သေနှုန်းက ၈ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး Remdesivir မဟုတ်တဲ့ တခြားကုထုံးတွေ အသုံးပြုတဲ့ လူနာတွေမှာ သေနှုန်း ၁၁.၆ ရာခိုင်နှုန်းလောက် များပြားနေတယ်လို့ ဖော်ပြပါရှိနေတာ တွေ့ရပါတယ်။လက်ရှိ အခြေအနေတွေကို ကြည့်ရင် Covid-19 လူနာတိုင်းကို Remdesivir ဆေးဝါး အသုံးပြုပြီး ကုသပေးတာက အမေရိကန်မှာ စံသတ်မှတ်ချက် တစ်ခု ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ ဖော်စီက ဆိုပါတယ်။

အမေရိကန်က ဒီဆေးအပေါ် အကောင်းမြင် မျှော်လင့်ထားပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ ဆေးရဲ့ အာနိသင်အပေါ် သံသယဝင်နေဟန် ရှိပါတယ်။အွန်လိုင်းပေါ်မှာ ပေါက်ကြားခဲ့တဲ့ WHOရဲ့ အစီရင်ခံစာ မူကြမ်းတစ်စောင်မှာတော့ Remdesivir ဆေးဝါးကို လူတွေမှာ စမ်းသပ်မှုက မအောင်မြင်ခဲ့ဘူးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။တရုတ်မှာ လူပေါင်း ၂၃၇ ဦးကို ဒီဆေးနဲ့ စမ်းသပ်ကြည့်ခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ တွေ့ရတဲ့အတွက် ၁၈ ဦး စမ်းသပ်ပြီးချိန်မှာ ရပ်တန့်လိုက်ရကြောင်း အဲဒီ ပေါက်ကြားခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြ ပါရှိပါတယ်။ WHOက ဒီအစီရင်ခံစာဟာ လေ့လာဆန်းစစ်ဆဲ အဆင့်မှာပဲ ရှိနေသေးပြီး မတော်တဆ မှားယွင်း ထုတ်ပြန်မိခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။Remdesivir ဆေးဝါးဟာ အီဘိုလာရောဂါကို တိုက်ဖျက်ဖို့ အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ အီဘိုလာအတွက် ထိရောက်တဲ့ အာနိသင်မျိုး မပြသခဲ့ဘဲ စမ်းသပ်မှုတွေ ကျရှုံးခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဒီဆေးဟာ မားစ်လို ရောဂါမျိုးတွေ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်တွေကို တိုက်ဖျက်ရာမှာ အစွမ်းထက်ကြောင်း တွေ့ရှိခဲ့တဲ့အတွက် Covid-19 လူနာတွေမှာ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *